Main menu
HOT NEWS
adv
အူဘာ တက္ကစီ လာချေပြီ

အူဘာ တက္ကစီ လာချေပြီ

ကိုရွှေအောင်

×××××××××××

ရန်ကုန်မှာ အမေရိကန်၊ အူဘာတက္ကစီကားပြေးဆွဲမယ့်အကြောင်း တရားဝင်ကြေညာတဲ့ပွဲလုပ်ခဲ့တော့ နောက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာအ မေရိကန်သံအမတ်နဲ့ အူဘာတာဝန်ရှိသူတို့ ဖွင့်ပွဲလုပ်နေတဲ့ဓာတ်ပုံကို Day of the Photo ဆိုပြီးဖော်ပြခဲ့တယ်။ ထိုင်းမှာ ထိုင်းအစိုးရက အူဘာတက္ကစီပြေးဆွဲခွင့်ကို တရားဝင်ခွင့်ပြုမထားတာကိုသိတဲ့ ဘန် ကောက်ပို့စ်သတင်းစာက သတင်းဓာတ်ပုံနဲ့အူဘာတော့ မြန်မာပြည်မှာ တရားဝင်ပြေးဆွဲနေပြီဆိုတာကို စာဖတ်ပရိသတ်နဲ့ အစိုးရကိုသတင်း စကားပါးလိုပုံပေါ်တယ်။

ရန်ကုန်ဒေသခံတွေ အမေရိကန်အူဘာတက္ကစီကို တရားဝင်စီးနင်းခွင့်ရနေချိန်မှာ ထိုင်းမှာတော့ခိုးကြောင်ခိုးဝှက်စီးနေရတယ်လို့ ပြောရင်မလွန်ဘူး။ တခြားအရပ်ဒေသတော့ မပြောတတ် ပေမယ့် ချင်းမိုင်မှာတော့ အူဘာတက္ကစီစီးရတာ သည်းထိတ်ရင်ဖိုနိုင်လှတယ်။ ရန်ကုန်က အူဘာတက္ကစီမိတ်ဆက်ဆိုတာမပြောခင် လတ်တလောချင်းမိုင်မှာကြုံနေရတဲ့ အူဘာပြဿနာတစ်ခုအကြောင်း အရင် ပြောပြချင်တယ်။ တစ်ရက်က အမေရိကန် မိတ်ဆွေ ကျောင်းဆရာတစ်ယောက် ပြည်တော်ပြန်မှာမို့ သူ့နှုတ်ဆက်ပွဲတစ်ခုကို နာမည်ကြီးစားသောက်ဆိုင်တစ်ခု မှာလုပ်ကြတယ်။ ညပိုင်းစားသောက်ပွဲ တွေဆိုထုံးစံအတိုင်း ကားငှားပြီးသွား ကြပြန်ကြတယ်။ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်နဲ့ဆို စားသောက်ပြီးပြန်လာလို့ ရဲကအယ်လ်ကိုဟောတက်စ်နဲ့ အစစ်ခံရရင်ဒဏ်ကြေးက ဘတ် ၃ဝဝဝ အနည်းဆုံးနဲ့ အချုပ်ထဲတစ်ညအိပ်ရတာမို့ တက္ကစီခကိုတွက်မနေဘဲ ညပွဲတွေဆို တက္ကစီနဲ့ပဲသွားကြပြန်ကြလေ့ရှိတယ်။

 

အဲ့ဒီညကစားသောက်ဆိုင်အသွားမှာ အူဘာတက္ကစီနဲ့သွားတာ ပြဿနာမရှိခဲ့ဘဲ အပြန်အူဘာခေါ်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာကြုံခဲ့ရတယ်။ ဆိုင်က ချင်းမိုင်မှာ နာမည်ကြီးစားသောက်ဆိုင်ဖြစ် တော့ ဆိုင်အနီးပတ်ဝန်းကျင်မှာ ကားနီတွေရော၊ တုတ်တုတ်တွေရော ထိုးထားကြပြီး ခရီးသည်ရှာကြတယ်။ ကိုယ်တွေက ဖုန်းထဲကနေ အူဘာလှမ်းခေါ်ထားပြီး အူဘာတက္ကစီဆိုင်နားရောက်ပြီဆိုတော့ ကားနားသွားပြီး ကားပေါ်တက်ဖို့လုပ်တယ်။ ဒီမှာတင် အနီးနားကကားနီနဲ့ တုတ်တုတ်ဆရာတွေအားလုံး အူဘာတက္ကစီနားဝိုင်းအုံရောက်လာကြပြီး လက်ထဲကဖုန်းတွေနဲ့ ဓာတ်ပုံဝိုင်းရိုက်ကြတယ်။ သဘောကတော့ ဒီဓာတ်ပုံ အထောက်အထားတွေနဲ့ သူတို့က ရဲကိုတိုင်ဖို့လုပ်တာပေါ့လေ။ ဓာတ်ပုံပဲရိုက်သွားပြီး အူဘာတက္ကစီမောင်းတဲ့သူနဲ့ ခရီးသည်ကိုတစ်စုံ တစ်ရာရန်မရှာသွားတာဘဲ တော်သေးတယ်လို့မှတ်ရတော့တယ်။ ဒါနဲ့ နောက်တစ်နေ့ ဒီအကြောင်းမိတ်ဆွေတွေကြားပြောဖြစ်တော့ သူတို့လည်းအလားတူကြုံနေရတယ်လို့ တစ်ပြိုင်တည်းပြောကြပြီး အူဘာတက္ကစီနဲ့ လေဆိပ်ဆင်းရင်လည်း လေဆိပ်ထဲမရောက်ခင်ကတည်းက ကျသင့်ငွေကြိုပေးရတယ်။ လေဆိပ်ဆင်ဝင်အောက်ရောက်မှ ပိုက်ဆံ ချေရင် လေဆိပ်စီစီတီဗွီတွေမှာ အဲဒီပုံတွေပေါ်ပြီး အူဘာတက္ကစီနောက် ဒဏ်ငွေဆောင်ဖို့ဖြတ်ပိုင်းတွေ ရောက်ရောက်လာလို့ဖြစ်တယ်။ ဒီတော့ အခုနောက်ပိုင်း ချင်းမိုင်မှာအူဘာတက္ကစီမှာစီးရတာ စွန့်စားခန်းတစ်ခုလိုဖြစ်နေတယ်လို့ဆိုရတော့မှာပါ။


ရန်ကုန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင်က အူဘာတက္ကစီကို လိုလိုလားလား ဖိတ်ခေါ်ခဲ့တာလို့ ဖွင့်ပွဲနေ့က ဦးဖြိုး မင်းသိန်းကိုယ်တိုင်ပြောသွားတာ ကြားရတယ်။ ခရီးသည်တွေ တက္ကစီစီးတဲ့အခါလုံခြုံစိတ်ချရပြီး သက် သောင့်သက်သာစီးနိုင်အောင်ဖိတ် ခေါ်ခဲ့တာလို့ ဝန်ကြီးချုပ်ကပြောခဲ့တယ်။ အူဘာတက္ကစီလုပ်ငန်းက တာဝန်ရှိပုဂ္ဂိုလ်ကလည်း သူတို့ကိုလိုလိုလားလားဖိတ်ခေါ်ခဲ့တဲ့ ဝန်ကြီးချုပ်ကိုကျေးဇူးတင်စကားပြောပြီး အူဘာတက္ကစီတွေကို လုံခြုံစိတ်ချ ဘေးကင်းစွာစီးနိုင်အောင်စီစဉ်ပါမယ်လို့ ပြောသွားတာလည်းကြားရတယ်။ ပြည်တွင်းမီဒီယာအသီးသီးကလည်း အူဘာတက္ကစီလိုင်း ဖွင့်ပွဲ သတင်းတွေ ဝေဝေဆာဆာဖော်ပြခဲ့ကြပြီး တက္ကစီမောင်သူတွေ၊ စီးတဲ့ခရီးသည်တွေကိုပါ မေးမြန်းတင်ဆက်ခဲ့တာတွေ့မြင်ရတယ်။ ကားမောင်းတဲ့ အသက် ၅ဝ ကျော်အမျိုးသားတစ်ဦးက အူဘာတက္ကစီနဲ့ပြေးဖို့ အင်္ဂလိပ်စာအခက်အခဲရှိတယ်လို့ ပြောသံကြားရသလို ခရီးသည်တစ်ဦးကလည်း တက္ကစီဆိုတားစီးရမှ အဆင် ပြေတယ်လို့ပြောသံလည်းကြားရတယ်။ အူဘာတက္ကစီမောင်းနေပြီဖြစ်တဲ့ ယာဉ် မောင်းတစ်ဦးကတော့ ပုံမှန် ကျပ် ၂၂ဝဝ လောက်ခရီးကိုအူဘာက ကျပ် ၁၈ဝဝ လောက်ပဲပေးစီးရလို့ ခရီးသည်တွေအတွက် သက်သာပါတယ်လို့ပြောသံလည်း တစ်ပြိုင်တည်းကြားရပါတယ်။ သတင်း တွေအရ အူဘာတက္ကစီကား ၁ဝဝ ကျော် နဲ့ရန်ကုန်မှာ စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။


နိုင်ငံပေါင်း ၇ဝ ကျော်မှာ တရားဝင် ပြေးဆွဲနေတဲ့ အူဘာတက္ကစီကားဝန် ဆောင်မှုအတွက် သူ့အက်ပလီကေးရှင်းကို ကိုယ့်လက်ကိုင်ဖုန်းပေါ် ဒေါင်းလုပ်လုပ်ပြီးတင်ထားရတယ်။ အူဘာတက္ကစီခေါ်ချင်ရင် ဖုန်းပေါ်ကအူဘာအပလီကေးရှင်းကိုဖွင့်လိုက်တာနဲ့ အနီးနားမှာရှိတဲ့ အူဘာတက္ကစီ တွေကိုပြပြီး ဘယ်သွားမှာလဲလို့အင်္ဂလိပ်လိုမေးတယ်။ သွားမယ့်နေရာကို အင်္ဂလိပ်လိုရိုက်ထည့်လိုက်ရင် သူကဘယ်လောက်ကျမယ်၊ သွားမလားလို့ပြန်မေးတယ်။ အိုခေသွားမယ်ဆိုရင် ဖုန်းပေါ်က မြေပုံ ပေါ်မှာ ကိုယ်တည်ရှိရာနေရာကိုပြလိုက်ရတယ်။ သူက ကားမောင်းတဲ့သူ ဘယ်သူ၊ ကားရဲ့နောက်ဆုံးနံပါတ်သုံးလုံးက ဘယ်နံပါတ်တွေ၊ ကားအမျိုးအစားက ဘယ်လိုကား၊ ဘယ်နှမိနစ်အတွင်းရောက်မယ်ဆိုပြီး အကြောင်းပြန်တယ်။ တစ်ဆက်တည်းဖုန်းပေါ်မှာ ကိုယ့်ဆီလာနေတဲ့ကားကို မြေပုံပေါ်မှာတွေ့နေရတယ်။ ချင်းမိုင်မှာတော့ ကားခေါ်လိုက်ရင် အလွန်ဆုံးကြာ ၁၅ မိနစ်ဆို အူဘာတက္ကစီကား အိမ်ရှေ့ ရောက်လာတယ်။ တက်စီးပြီးလို ရာခရီးရောက်ရင် ဘယ်လောက်ကျမယ်လို့ကြိုပြောထားတဲ့ဈေးနီးပါးပဲပေးရတယ်။ ဈေးချိုပြီးကား တွေက အိမ် စီးကားသန့်သန့်၊ အဲယားကွန်းအပြည့်နဲ့မောင်းပါတယ်။ ရန်ကုန်ကတက္ကစီဆရာကြီးတစ်ယောက်ပြောသလိုပဲ အူဘာတက္ကစီ မောင်းဖို့ စီးဖို့ အင်္ဂလိပ်စာအခြေခံလိုတယ်။ ဖုန်းနည်းပညာအခြေခံလိုတယ်။ မောင်းတဲ့သူရောစီးတဲ့သူအတွက်ပါ ဒီအခြေခံတွေလိုတာ ဖြစ်ပြီး အခြေခံရမှပဲ မောင်းနိုင်၊ စီးနိုင်ကြမယ်။ ချင်းမိုင်မှာ အူဘာတက္ကစီစီးရင် လမ်းကျပ်တဲ့အခါ ဘတ် ၈ဝ ခရီးကို ၁၄ဝ လောက် ပေးရတတ်ပြီး ရန်ကုန်မှာလည်း အလားတူပြဿနာကြုံတွေ့ရနိုင်တယ်။ ကားသန့်သန့်ဈေးနှုန်းချိုချိုနဲ့ ဝန်ဆောင်မှုကောင်းတဲ့ အူဘာတက္ကစီဖြစ်၊ မဖြစ်စီးနင်းစောင့်ကြည့်ကြစို့။ ။

 

ကိုရွှေအောင်

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191