Main menu
HOT NEWS
adv
ကုန်ဈေးနှုန်းတွေ ကျသွားအောင်  မလုပ်နိုင်တော့ဘူးလား

ကုန်ဈေးနှုန်းတွေ ကျသွားအောင် မလုပ်နိုင်တော့ဘူးလား

ကမာရွတ်မြို့နယ်၏ လှည်းတန်း ပေ (၅ဝ) လမ်းဈေး တန်းသည် ထုံးစံအတိုင်း ဈေးဝယ်သူများ၊ ဈေးသည်များ၊ ကုန်ထမ်းသူများဖြင့် တိုးတိုး ကြိတ်ကြိတ်။ ဒါက နေ့စဉ်ကြုံတွေ့ရတတ်သော နိစ္စဓူဝသရုပ်သကန်များ သာ။ တစ်ရက်ခြားသော်လည်းကောင်း၊ နှစ်ရက်ခြားသော်လည်းကောင်း ဈေးသို့ရောက်ဖြစ်သည့် မမိုးအဖို့ လမ်းဘေးတွင် အနည်းငယ်မြင့်သည့် ခုံလေးပေါ်၌ ဗန်းဖြင့် တည်ခင်းရောင်းချနေသည့် ကြက်သွန်နီဈေးကို စမေးဖြစ်သည်။ မမိုးတစ်ယောက် ''အလိုလေး''ဟု အံ့သြတကြီး ရေရွတ်မိလေ တော့သည်။ အဘယ်ကြောင့်ဆိုသော်...

ယခင် တစ်ပိဿာ ကျပ်တစ်ထောင်အောက်သာရှိနေကျ ကြက်သွန်နီက အခုရက်ပိုင်းလေး အတွင်းမှာပင် တစ်ပိဿာကို ကျပ် ၂ဝဝဝ ဖြစ်နေသည်။ ဈေးသည်အဒေါ်ကြီးက ယခင်ကလို ၂၅ ကျပ် သား အထုပ်များထုပ်၍ ၂၅ဝ နှင့် မရောင်းနိုင်တော့၍ အားနာနေဟန် ပြုသည်။ ဝယ်နေကျသူများပင် ဖြစ်လင့်ကစား ဘယ်လိုမှ ဈေးဆစ်လို့မရတော့။ ''အဒေါ်တို့က တိုးရောင်းချင်လို့ တိုးရောင်းရတာ မဟုတ်ပါဘူးကွယ်။ ဈေးထဲကို ကြက် သွန်နီ ကုန်သစ်ကထပ်မဝင်ဘူး။ ဝယ်ရတဲ့ ဖောက်သည်ဈေးကိုက မြင့်လာတာပါ''ဟု ရှင်းပြသည်။  ထားတော့...ကြက်သွန်နီကို ဈေးမဆစ်တော့ဘဲ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ''ဘယ်ဈေးလဲ'' ဟု မေးကြည့်ရသည် ကလဲအမော။ ဝယ် နေကျဆိုင်များပင် တစ်ဆိုင်နှင့်တစ်ဆိုင် ဈေးနှုန်းများကမတူ။ တူညီ နေသည်ကတော့ သူတို့အားလုံး၏ ကုန်ပစ္စည်းတိုင်း အရင်တစ်ပတ်က ဝယ်ခဲ့သည့် ဈေးနှုန်းများ မဟုတ်တော့ ဘဲ  မြင့်တက်နေ သည်ကို သူသတိထားမိသည်။  ဝက်သားဈေးဆိုလျှင်လည်း ယခုနှစ် မတ်လခန့်က တစ်ပိဿာ လျှင် ကျပ်ရှစ်ထောင်အောက်သာ ရှိခဲ့သော်လည်း ယခုအခါ ကျပ် ၁ဝဝဝဝ ကျော်အထိ ရှိနေသည်။ အမဲသား၊ ငါးဈေးများ လည်း ထို့နည်း တူ တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ မှ ၄ဝဝဝ သာ ဈေးတက်ခဲ့သည်။


အဆုံးစွန်ဆုံး ကန်စွန်းရွက်ဈေးကအစ ထောင်မတ်နေဆဲ၊ ဟင်း ချက်ဖွယ်ရာ ဈေးနှုန်းများသည် မမိုးအတွက် စိတ်အလိုမကျစရာတွေ ချည်း ဖြစ်နေဟန်တူပါသည်။ ဟင်းသီးဟင်းရွက်များ ဈေးတက်ခြင်းမှာ ကုန်စည် ဒိုင်များတွင် ကုန်ပစ္စည်းအကောင်းများ အဝင်နည်းပြီး လိုသလောက်မရခြင်းအပြင် သယ်ယူစရိတ် တက်လာခြင်းကြောင့်ဖြစ်သည်ဟု အသီးအရွက်ရောင်းချ သူများက ဆိုသည်။ အခြေခံစားသောက်ကုန်များဖြစ်သည့် သား၊ ငါး၊ ဟင်းသီးဟင်းရွက် တစ်ကြိမ်ဈေးတက်လျှင် အနည်းဆုံး ကျပ် ၁ဝဝ မှ ၃ဝဝ အထိ ဈေးတက်ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စားသောက်စရိတ်ကုန်ကျမှု သုံးဆခန့် မြင့်တက်နေသည်။ ''ဈေးက ဆက်တက် ဖို့ပဲရှိတယ်။ တက်ပြီးရင် ဘယ်တော့မှ ပြန် မကျတော့ဘူး''ဟု သူက သတ်မှတ်သည်။ ဒီလို တရိပ်ရိပ်တက်လာတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေက မမိုးတို့လို အခြေခံလူတန်းစား အားလုံးရဲ့ဘဝကို ရိုက်ခတ် လာပြီး ဝန်ထုပ်ဝန်ပိုးဖြစ်လာရုံမက တစ်နေ့ လုပ်မှ တစ်နေ့စားရတဲ့ မိသားစုဘဝ ရပ်တည်မှုကိုပါ ပြောင်းလဲစေကာ စားအိုးကို သိသာစွာ ခြိမ်းခြောက်လာနေခဲ့ပြီ ဖြစ်သည်။

 

ဝယ်ယူသူများ နင့်နေသလို ရောင်းချသူများတွင်လည်း ရိုက်ခတ်မှု ရှိနေသည်ကို ကုန်စုံဆိုင်ပိုင်ရှင် မထားထားဆွေက ''ဈေးနှုန်းတွေ အကုန် တက်တော့ အရောင်းအဝယ် ကျသွားတယ်။ အရင်ရတာရဲ့ အစွန်း ထွက်လောက်ပဲ ရောင်းရတယ်''ဟု ဈေးနှုန်းတက်တဲ့အပေါ် မကျေနပ်သည့် အမူအရာဖြင့် ညည်းညူပြောဆိုသည်။ အခြေခံလူတန်းစားအများစုက အရပ်သားအစိုးရသစ် တက်လာ ချိန်တွင် အခြေခံစားသောက် ကုန်ဈေးနှုန်းများအား ထိန်းချုပ်နိုင်မည် ဟု ထင်ကြေးပေးထားကြသည်။ သို့သော် လက်တွေ့တွင် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေသည်။ ''အစိုးရအဆက်ဆက်သာ ပြောင်းသွားတယ်။ တက်နေတဲ့ ကုန် ဈေးနှုန်း ကတော့ ပြောင်းမသွားဘူး''ဟု အရပ်သူများက ပြစ်တင်ပြောဆိုကြသည်။ အစိုးရသစ် ပြောင်းလဲသည့်အချိန်တွင် သာမန်ပြည်သူအများစုက ကုန်ဈေးနှုန်းများကျဆင်းမည် ဟု မျှော်မှန်းထားကြမှု များရှိသော် လည်း မျှော် မှန်းသလို ဖြစ်မလာသည့်အပြင် လက်ရှိမြန်မာနိုင်ငံ၏ ကုန်ဈေးနှုန်း ကြီးမြင့်မှုများမှာ ယခင်အစိုးရဟောင်း ဦးသိန်းစိန်လက်ထက်က တက်ခဲ့သော ဈေးနှုန်းများထက် ပိုမိုမြင့်တက်လျက်ရှိနေသည်ကို တွေ့ရသည်။ ''စားသောက်ကုန်ဈေးနှုန်းတွေ တဖြည်းဖြည်းနှင့် တက်လာတာ ကြောင့် အိမ်ရှင်မတွေ အတော်အကျပ်ရိုက်လာတာမျိုးလဲရှိပါတယ်။ အစိုးရသစ်လက်ထက်မှာ လဲ ဈေးတွေတက်တာပဲ။ ဈေးနှုန်းတွေကို ထိန်း ပေး မထားနိုင် တာကတော့ အဓိကပြဿနာကြီး တစ်ခုပါ''ဟု အသက် လေးဆယ်ကျော်အရွယ် အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။


ထိုသို့ အတက်သာရှိပြီး အကျဘက်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသော ကုန်ဈေးနှုန်းပြဿနာကြောင့် အခြေခံလုပ်သား မိသားစုဘဝ များမှာ လူနေမှုအဆင့်အတန်း မဆိုထားနှင့် တစ်နေ့တာ စားရေးအတွက် ကိုပင် ပူပန်သောကရောက်နေကြရသည်။ အောက်ခြေလုပ်သားနှစ်ဦး၏ မိခင်ဖြစ်သူ အသက်ခြောက်ဆယ် အရွယ် အမျိုးသမီးကြီး ဒေါ်သန်းဝင်းက ''ကုန်ဈေးနှုန်းကြီးလို့ မစားဘဲ နေရင်တော့ ငတ်သေဖို့ပဲရှိတော့မယ်။ အဒေါ်တို့လို ရရစားစားသမား တွေအတွက်ကတော့ ဒီဘဝမှာ ဆင်းရဲတွင်းကလွတ်ဖို့ လမ်းမမြင်ပါဘူး သမီးရယ်''ဟု ရေရွတ်ရင်း အတိတ်သို့ ပြန်လည်တမ်းတသည့်ပုံစံဖြင့် ညည်းပြသည်။ အဆိုပါ အမျိုးသမီးကြီးက ၎င်း၏ အသက် ၄ဝ ဝန်းကျင်ခန့်က မိသားစုဝင်ငွေနှင့် စားဝတ်နေရေးကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ သော်လည်း ယခုအချိန်တွင်မူ စားရေးတစ်ခုတည်းအတွက်ပင် အနိုင်နိုင် ရုန်းကန်နေရခြင်းဖြစ်သည်ဟု ဆိုသည်။ ကုန်ထမ်းသမားလုပ်ကိုင်ခဲ့သော ဒေါ်သန်းဝင်း၏ ခင်ပွန်းလက် ထက်က သူကိုယ်တိုင် မှီခိုအဆင့်နှင့် သား၊ သမီးနှစ်ယောက်ကို ကျွေး မွေးရခြင်း ဖြစ်သော်လည်း စားဝတ်နေရေး ဖူဖူလုံလုံ ရှိခဲ့သည်။


အခြေခံလုပ်သားများအဖို့ လုပ်ခလစာမှာ မူရင်းအတိုင်းပင် ရှိ နေဆဲဖြစ်သော်လည်း ယခင်ဆယ်စုနှစ်များကို မဆိုထားနှင့် ပြီးခဲ့သည့် နှစ်က ဘဲဥတစ်လုံး ကျပ် ၁၂ဝ သာ ရှိခဲ့ရာမှ ယခုနှစ်တွင် တစ်လုံး ၁၅ဝ အထိ ဖြစ်နေသည်။ ''အသားဟင်းဘက် လှည့်ဖို့မပြောနဲ့ ကန်စွန်းရွက်တစ်စည်း သုံးရာ၊ ဘဲဥတစ်လုံး နှစ်ရာ။ ဒါကို ပုံမှန်စားနိုင်အောင်ကိုပဲ တစ်နေ့အသုံးစရိတ် ၅ဝဝဝ အနည်းဆုံးရှိမှရမယ်''ဟု သူကပြောသည်။ အမျိုးသမီးကြီးတွင် မိသားစုသုံးယောက်ရှိပြီး သားဖြစ်သူက ပန်း ရန်၊ သမီးဖြစ်သူက စက်ရုံအခြေခံဝန်ထမ်း စသဖြင့် လုပ်ကိုင်ကာ အိမ်ငှားနေထိုင်သူများ ဖြစ်ကြသည်။ ''အိမ်ခန်းငှားခတင်ပဲ တစ်လကို ၅ဝဝဝဝ ရှိတယ်။ အဒေါ်က မှီခိုဆိုပေမယ့် သားသမီးနှစ်ယောက်စလုံး အလုပ်အကိုင်တွေနဲ့လေ။ ဒါပေမဲ့ သူတို့ရတဲ့လစာတွေက စားရေးနဲ့နေရေးကိုတောင် လောက်င အောင် ဖြေရှင်းနိုင်တာမဟုတ်ဘူး''ဟု သူက ဆက် လက်ပြောဆိုသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆ဝ ကျော် ကာလအတွင်း နိုင်ငံ၏ အခြေခံလုပ်သားများအတွက် လုံလောက်သည့်ဝင်ငွေရရှိခဲ့မှု မရှိခဲ့ပေ။ အခြားတစ်ဖက်တွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါး ခြင်းကြောင့် လူနေမှုဘဝများ များစွာနိမ့်ကျခဲ့ရသည်။


လက်ရှိ စက်ရုံအခြေခံလုပ်သားများ၏ ပျမ်းမျှလစာမှာ တစ်လ ကျပ် ၉ဝဝဝဝမှ ၁၃ဝဝဝဝ ခန့်အထိရရှိပြီး နယ်မှလာရောက်လုပ်ကိုင် သည့် သူများအနေဖြင့် နေထိုင်ရန် အဆောင်ငှားရမ်းခကပင် တစ်ဦး တည်းအတွက် တစ်လကျပ် ၃ဝဝဝဝ မှ ၄ဝဝဝဝ အထိ ကုန်ကျစရိတ်ရှိ သည်။ ဖော်ပြပါ အဆောင်ဆိုသည်မှာလည်း ၁၂ ပေပတ်လည် တိုက် ခန်းလေးထဲတွင် ငါးဦးမှ ၁ဝ ဦးခန့်အထိ စုပေါင်းကာနေရခြင်းဖြစ်ပြီး တစ်ယောက်အိပ်စရာနေရာမှာ ကျောတစ်ခင်းချစာမျှဖြင့် နေထိုင်ကြရ ပြန်သည်။ ''အရင်က တိုက်ခန်းတစ်ခုကို သူငယ်ချင်း သုံးယောက်လောက် စုပြီးငှားနေရင်တောင် တစ်လကို တစ်သိန်းခွဲလောက်နဲ့ရတယ်။ အခုက တိုက်ခန်းငှားခ ဈေးနှုန်းတွေက လှည်းတန်း ဗဟိုလမ်းဘက်တောင် တစ်လကို နှစ်သိန်းခွဲ၊ သုံးသိန်းလောက်မှ ရတယ်။ ဒီကြားထဲ အိမ်ရှင်ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေက ပိုပိုများလာတယ်။ နေထိုင် စရိတ် နဲ့တင် လုံးပန်းနေရတော့ စားစရိတ်ကို ချွေတာပြီး နေနေရတယ်'' ဟု ကမာရွတ်မြို့နယ် ဗဟိုလမ်းတွင်နေထိုင်သည့် ကိုမျိုးကပြောသည်။ စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းသော ရန်ကုန်မြို့၌ အခြေခံလုပ် သား အများ ဆုံးရှိသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း ငါးသောင်းနီးပါးရှိနေပြီး အခြေခံလုပ်သား သုံးသိန်းကျော်ရှိနေသည်။ ရန်ကုန်မြို့သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်ကြသော အလုပ် သမား များ အတွက် မြို့ပြ၏ ကုန်ဈေးနှုန်းစရိတ်နှင့် နေရေးအား ဖြေရှင်းနိုင်ရန် ခြိုးခြံချွေတာခြင်းနည်းလမ်းကို ကျင့်သုံးနေရဆဲဖြစ်သည်။


ထိုမျှမကသေးပေ နေ့စားအလုပ်သမားများနှင့် လက်လုပ်လက်စား အလုပ်သမားများ၏ဘဝကို ကြည့်လိုက်လျှင်လည်း ကုန်ဈေးနှုန်း မြင့်တက်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေမှုကြောင့် စားဝတ် နေရေး အတွက် ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများကို အပေါင်ဆိုင်များတွင် ပေါင်နှံ၍ ဖြေရှင်းနေကြရသည်။ ''လာရောက် ပေါင်နှံတာတွေကတော့ အဓိကကတော့ ကုန်ဈေး နှုန်းကြီးမြင့်မှု၊ စီးပွားရေးကျပ်တည်း လာ မှုကြောင့်လို့ ထင်တာပဲ။ ဘယ်သူတွေ အများဆုံးလာပေါင်သလဲဆိုတော့ ဥပမာ-ဆိုက်တွေမှာ နေ့စား သဘောမျိုး ဆင်းနေတဲ့သူတွေ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေနဲ့ လက် လုပ်လက်စား အများစုပါ။ ပြောရရင် အလုပ်သွားဖို့ လမ်းစရိတ်ရအောင် ပေါင်နှံကြရတာ။ အတိုးပေးရတာကို သူတို့ သိပ်ဂရုမစိုက်နိုင်ကြဘူး''ဟု လှိုင်သာယာမြို့နယ်၌ အပေါင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခင်စန်းလှိုင် က ပြောသည်။ အပေါင်ဆိုင်သို့ များသောအားဖြင့် လာရောက်ပေါင်နှံသောပစ္စည်းများမှာ ရွှေ၊ ထမင်းချိုင့်၊ ထမင်းပေါင်းအိုး၊ ပန်ကာ၊ မီးပူ၊ အဝတ်အ ထည်များနှင့် အခြား လူသုံးကုန်ပစ္စည်းများဖြစ်ကြောင်း သိရသည်။ တစ်နေ့တခြား မြင့် တက် လာသော နေထိုင်စရိတ်များနှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းများအား သာမန်ကြည့်ရှုလျှင် မည်သို့မျှ ထင်ရှားမည် မဟုတ်သော်လည်း ယင်းအခြေအနေများကြောင့် နိုင်ငံတွင် ဆင်းရဲမွဲတေမှု၊ ငတ်မွတ် မှု ဘေးအန္တရာယ်များ ပိုမိုကြီးထွားလာစေမည် ဖြစ်သည်။ ထို့အပြင် ဆင်းရဲမွဲတေမှု နောက်ဆက်တွဲအကျိုးရလဒ်အနေ ဖြင့် ခိုးဆိုးလုယက်ခြင်းများ၊ အဓမ္မများ ပိုများလာစေနိုင်သည်။


ကုန်ဈေးနှုန်းများတက်ရခြင်း၏ အကြောင်းရင်းမှာ အစိုးရဝန် ထမ်းတချို့နှင့် ပုဂ္ဂလိကဝန်ထမ်းတချို့၏ လုပ်ခလစာ တိုးလာခြင်း၊ ကုန် ပစ္စည်းရှားလာပြီး ဝယ်လိုအား မြင့်တက်လာသဖြင့် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှခြင်း စသည်တို့ကြောင့် ဖြစ်သည်။ ပြည်သူများအတွက် အလုပ်ကိုင်အခွင့်အလမ်း ဝင်ငွေနှင့် ညီမျှ သော ကုန်ဈေးနှုန်းများဖြစ်ပါက ထိခိုက်နိုင်သည့်ပြဿနာ ရှိနိုင်မည် မဟုတ်တော့ပေ။ တစ်နည်းအားဖြင့်ဆိုလျှင် ကုန်ဈေးနှုန်းတွေတက်လာ တာနဲ့အမျှ အခြေခံလူတန်းစားများ၏ လုပ်ခလစာများ၊ လူလတ်တန်းစား အလွှာများ၏ လုပ်ခလစာများ ညီမျှရန် လိုအပ်သည်။ အုပ်ချုပ်ရေးယန္တရားကို ရရှိထားသော အစိုးရအနေဖြင့် အထက် ဖော်ပြပါအချက်ကို နည်းစနစ်ကျကျဖြင့် ကိုင်တွယ်ဖြေရှင်းပေးသင့်သည်။ အခြားတစ်ဖက်တွင်လည်း ဈေးရောင်းသူ၊ ကုန်သည်များ၌ ဝန် ထမ်းများလစာတိုးမည်ဆိုသည့် သတင်းကြားရုံမျှနှင့်လည်း ဈေးကစား တတ်သည့် အလေ့အထကို တွေ့နေရဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီး ပထမဆုံးအကြိမ် ၁၉၄၈ ခုနှစ်တွင် အစိုးရဝန်ထမ်းများအား လစာတိုးပေးခဲ့သော်လည်း ကုန် ဈေးနှုန်းများ လိုက် ပါမြင့်တက်ခြင်း မရှိခဲ့ချေ။ သို့သော် လက်ရှိအချိန် အထိ ဝန်ထမ်းများ လစာတိုးသည့်အခါတိုင်း ကုန်ဈေးနှုန်းမြင့်တက်မှု မရှိသည်ဆိုခြင်းမှာ ထိုတစ်ကြိမ်သာရှိခဲ့ပြီး များသောအားဖြင့် ဝန်ထမ်း လစာတက်ချိန်နှင့် ကုန်ဈေးနှုန်းတက်ချိန်ကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့သည် ကိုလည်း တွေ့ရသည်။ ဈေးကစားခြင်းများ ဖြစ်ပေါ်သည်မှာ မူဝါဒပိုင်းတွင် အားနည်း ခြင်းကြောင့်ဖြစ်ရာ ဈေးကစားခြင်းများကို ဝင်ငွေခွန်၊ အမြတ်ခွန်နှင့် ပြန် လည်တားဆီးနိုင်မည်ဖြစ်သည်။


ယင်းကဲ့သို့ အစိုးရက စနစ်တကျ လေ့လာစောင့်ကြည့်ပြီး မှန်ကန်စွာ ကိုင်တွင်ဖြေရှင်းနိုင်မည်ဆိုလျှင် ဈေးကစားမည့်အလားအလာ ရှိမည်ဆိုလျှင်တောင်မှပင် ဈေးကစားနိုင်မည်မဟုတ်တော့ကြောင်း မှတ် ချက်ချ ထားကြသည်။ ''ကျွန်မတို့ သိနေ၊ ကြားနေရတာက အစိုးရဝန်ထမ်းတွေ လစာ တိုးတော့မယ်ဆိုရင် စားသောက်ကုန်ဈေးတွေ အကုန်လိုက်တက်တာပဲ။ အစိုးရဝန်ထမ်းတွေတော့ ဘယ်လိုနေမယ်မသိဘူး။ စက်ရုံ အလုပ်သမား တွေအတွက်ကတော့ ဒီနေ့ ကုန်ဈေးနှုန်းတွေနဲ့ တွက်လိုက်ရင် အနည်း ဆုံး တစ်နေ့လုပ်ခလေးထောင် ရရင်တောင် ပြေလည်နိုင်ဖို့မလွယ်သေး ဘူး''ဟု ရွှေပြည်သာစက်မှုဇုန်အတွင်း အထည်ချုပ် စက်ရုံတွင် လုပ်ကိုင် နေသူ မသီတာလင်းက ဆိုသည်။ ပြီးခဲ့သည့် သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်က တစ် နိုင်ငံလုံးရှိ အခြေခံလုပ်သားများအတွက် အနည်းဆုံးလုပ်ခလစာ တစ် ရက် ကျပ် ၃၆ဝဝ သတ် မှတ်လိုက်ပြီး ယင်းဥပဒေသည် ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့သည်။ ရန်ကုန်မြို့အတွင်းရှိ အလုပ်သမားများ နေ့လယ်စာအတွက် လမ်း ဘေးထမင်းဆိုင်များတွင် ယခင်က ကျပ် ၁ဝဝဝ ဖြင့် စားသောက်နိုင်ခဲ့ သော်လည်း လက်ရှိအချိန်တွင် အနည်းဆုံး ကျပ် ၁၅ဝဝ အထိ ဈေး တက်ခဲ့သည်ဟု ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ပြောသည်။ ယနေ့ခေတ် ကုန်ဈေးနှုန်းအရ လူတစ်ဦးအတွက် တစ်ရက်စာ ထမင်းစရိတ် အနည်းဆုံး ၃ဝဝဝ ခန့်ရှိရာ ကျပ် ၃၆ဝဝ ဆိုသည်မှာ အမှန်တကယ် လုပ်ငန်းခွင်ထဲတွင်ရှိနေသော အခြေခံလုပ်သားများ အတွက် အဆင်ပြေစေသည့်နှုန်းထားတစ်ရပ် မဟုတ်ပေ။


မသီတာလင်းက ''နေ့စဉ်နဲ့အမျှ စားသောက်ကုန်ဈေးနှုန်းတွေ တက်နေတယ်ဆိုတာကို လူထုကြား ညည်းညူပြောဆိုတာတွေ အစိုးရ တာဝန်ရှိသူတွေ ကြားရမှာပါ။ ကုန်ဈေးနှုန်းတွေ မငြိမ်တဲ့ကြားမှာ အတက် ချည်း ပဲ ဖြစ်နေပေမယ့် လုပ်ခလစာတွေက တက်မလာတော့ သာမန် လူထုအတွက် အခက်အခဲကြီး ဖြစ်နေတယ်။ ကုန်ဈေးနှုန်း တည်ငြိမ် အောင် အဲဒီကနေ တစ်ဆင့်ကျသွားအောင် လုပ်နိုင်တဲ့နည်းလမ်းများ မရှိတော့ ဘူးလား''ဟု မေးခွန်းထုတ်သည်။ မည်သို့ပင်ဆိုစေ လက်ရှိအချိန်အထိ အခြေခံလူတန်းစားများ အတွက် ထောက်ညှာခြင်းမရှိသော ကုန်ဈေးနှုန်းကို တွန်းကန်နိုင်အား မရှိသည့် မမိုးကတော့ ''ကျွန်မတို့ အခြေခံ လူတန်းစားတွေ အတွက်က တော့ တစ်နေ့တခြား ကုန်ဈေးနှုန်းတွေတက်နေတော့ ဝင်ငွေနဲ့ထွက်ငွေ မလောက်တော့ဘူး။ ကုန်ဈေးနှုန်းတွေ ထပ်မတက်ပါစေနဲ့လို့ နေ့တိုင်း ဆုတောင်းနေရတယ်''ဟု ညည်းညူနေ လျက်ရှိလေသည်။    

 

 

Phyu Thit Lwin Htay HtayColor

#theyagontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616