HOT NEWS
Main menu
ကားသမားတွေရဲ့ စိတ်ဓာတ်တွေကို ဘယ်လို ပြုပြင်ကြမလဲ

ကားသမားတွေရဲ့ စိတ်ဓာတ်တွေကို ဘယ်လို ပြုပြင်ကြမလဲ

-----------------------------

ဦးကျော်စိန်(ပညာရေး-ငြိမ်း)

-----------------------------


တစ်နေ့မှာ မိမိနေထိုင်ရာ တာမွေ၊ မေတ္တာညွန့်ကနေ မြို့ထဲ ၃၉ လမ်းကို တက္ကစီငှားပြီး သွားပါတယ်။ ကားသမားက လမ်းထဲဝင်ရမလားလို့မေးတော့ ဗိုလ်ချုပ်လမ်းထိပ် ရပ်ပေးရင်ရပါပြီလို့ဆို လိုက်ပါတယ်။ သွားမည့်နေရာက လမ်းအလယ်လောက်ထိဖြစ်ပေမယ့် လမ်းထဲဝင်လိုက်ရင် မြို့ထဲပြန်ဝင်ရတဲ့ လမ်းကြောင်းထဲရောက်သွားကာ ကားသမား အခက်တွေ့သွားမှာ စိုးတာကြောင့် လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်ရတာဖြစ် ပါတယ်။ တက္ကစီမောင်းသူကို ယာဉ်ကြောပိတ်တာနဲ့ ကြုံရမယ့် ဒုက္ခကိုစိုးရိမ်လို့ဖြစ်ပါတယ်။ အငှားတက္ကစီတွေဟာ ဒီဒဏ်ကို အများဆုံးခံရတာကြောင့် ယာဉ်ကြောပိတ်တဲ့ကိစ္စ စကားစမြည် ပြောမိရာမှာ ကားကျပ်ရတဲ့ အကြောင်းနဲ့ဆက်စပ်ပြီး ကားဆရာက သူ့အမြင်ကိုပြောပြပါတယ်။


ပထမအချက်က ကားသမားတွေရဲ့စိတ်ဓာတ်၊ ဒုတိယအချက်က ကားအရေအတွက်များတာနဲ့ တတိယကသွားရတဲ့ကားလမ်းကြောင်းဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့အတွေ့အကြုံတွေအပေါ်မှာ သူ့ရဲ့အတွေးအမြင်နဲ့ ဆင်ခြင် သုံးသပ်ထားတာဖြစ်နိုင်ပါတယ်။ တက္ကစီသမားတော်တော်များများနဲ့ ကားငှားစီးရင်း စကားစမြည်ပြောရတိုင်း ယာဉ်ကြောကျပ်တဲ့ကိစ္စ၊ ကားပိတ်တဲ့ ကိစ္စတွေကိုပြောဖြစ်ပေမယ့် အများစုကယာဉ်များတာ၊ ယာဉ်တွေ စည်းကမ်းမရှိကြတာ၊ ကားတင်သွင်းခွင့် စည်းကမ်းမရှိတာစတဲ့ အချက်တွေနဲ့အကြောင်းပြ ညည်းညူကြတာချည်းတွေ့ဖူးပါတယ်။ အခုကားဆရာပြောတဲ့အထဲမှာ ကားသမားတွေရဲ့ စိတ်ဓာတ်ကြောင့်ဆိုတာ မကြားမိသလောက်ပါပဲ။ သူ့ရဲ့သုံးသပ်ချက်ကိုစိတ်ထဲက အကြီးအကျယ် ထောက်ခံမိသလို ဘာကြောင့်လဲဆိုတာစပ်စုမိပါတယ်။


''ဟော...တွေ့လားဆရာ၊ အတင်းကြီးခေါင်းထိုးနေတာ''ဆိုပြီး လမ်းတစ်ဖက်ယာဉ်ကြောထဲကို လှည့်ဝင်ဖို့ကြိုးစားနေတဲ့ ယာဉ်ကိုလက်ညှိုးထိုးပြနေတယ်။ ဒီဘက်ယာဉ်ကြောတစ်လျှောက် အဆက်မပြတ်သွားနေတဲ့ ယာဉ်တွေကိုသည်းမခံနိုင်တော့ ရလိုရငြား အတင်းကြိုးစားနေတာဖြစ်ပါတယ်။ ဒီလိုမျိုး အတင်းခေါင်းဝင်ထိုးတတ်တာတွေaကြာင့် မလိုလားတဲ့ ယာဉ်မတော်တဆမှုတွေ ဖြစ်ရတာအများကြီးပါလို့ ဆိုပါတယ်။ တစ်ဖက် လမ်းကလူကလည်း ကွေ့ချင်ဇောအားကြီးနေတယ်၊ လမ်းကြောအမှန်က သွားနေတဲ့သူကလည်း အလျှော့မပေးချင်တဲ့အခါတွေမှာ တိုက်ကြခိုက်ကြတော့တာပါ။ ဒါကြောင့်ကားသမားတွေမှာ သည်းခံစိတ်မွေးထားကြဖို့ လိုပါတယ်လို့ ဆိုပါတယ်။ ကားမောင်းသူတိုင်းက သတိထားမောင်းနေကြတာဖြစ်ပေမယ့် စိတ်စောလာတဲ့အခါမျိုးမှာ သည်းခံစိတ်ပျောက်သွားပြီး ဒေါသဖြစ်လာတယ်။ ဒေါသဖြစ်လာတော့ မှားဖို့ကရာနှုန်းတော်တော် များသွားပြီဖြစ်ပါတယ်။ ဒီအသိလေးကိုမိမိရဲ့ စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားပြီး သတိထားလေ့ကျင့်ပေးနေတာတို့ပြောလိုက်တာဟာ လေးစားဖွယ်၊အတုယူဖွယ်ဖြစ်ပါတယ်။ မိမိလည်းဘေးကင်း ကာသူတစ်ပါးအတွက်လ ည်း အန္တရာယ်ရှင်းစေဖို့ဆိုရင် ကားမောင်းနေရတဲ့သူတွေအဖို့ မပြတ်ပြင်ဆင်ထားရမယ့်စိတ်ဓာတ်လို့လည်း ဆိုနိုင် ကောင်းပါရဲ့။


လိုင်းကားမောင်းသူတွေအချင်းချင်း လမ်းကြောင်းလုတယ်၊ အချိန်လုတယ်၊ ပြေးတယ်၊ ကျော်တယ်ဆိုတာတွေဟာ စီးပွားရေးကြောင့် ဖြစ်ပါလိမ့်မယ်။ အတင်းကျော်တက်တာ၊ တစ်ဖက်ယာဉ်ကြောထဲဝင်ပြီး အတင်းဝင် လုနေရာယူတာတွေဟာ ကားမောင်းသမားတွေရဲ့ စိတ်ဓာတ်နဲ့ အများကြီး ဆိုင်သွားပါပြီ။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းဆိုတာကို ကားမောင်းသမားတိုင်း နောကျေအောင် သိနေကြတာချည်းပဲလို့ ဆိုရပါမယ်။ သိလျက်နဲ့ စည်းကမ်းဖောက်ဖျက်နေကြတာ ဘာကြောင့်လဲ။ စည်းကမ်းကိုသိသိကြီးနဲ့ ဖောက်နေတာဟာ စည်းကမ်းဆိုတာ လိုက်နာစောင့်ထိန်းရမယ့် အရာဆိုတဲ့ အသိစိတ်ဓာတ်မရှိလို့၊ ဒါမှမဟုတ်စိတ်ဓာတ် မခိုင်မြဲ လို့ပဲ ဆိုရပါမယ်။ စည်းကမ်းကိုဖောက်ဖျက်ရတာ၊ ဥပဒေကို မလိုက်နာတာတွေရဲ့ အကြောင်းတရားတွေ အများအပြားရှိနေကြမှာ ဖြစ်ပေမယ့် အဓိကအကျဆုံးဟာ စည်းကမ်းကို မိမိကိုယ်တိုင် ခံယူလိုက်နာ ကျင့်သုံးတဲ့ စိတ်ဓာတ်မရှိကြလို့ ဖြစ်ပါတယ်။ ကားနှစ်စီးစာလောက်သာ ကျယ်တဲ့လမ်းကျဉ်းထဲမှာ တစ်ဖက်စီရပ်ထားတဲ့ကားတွေ ရှိနေတာမြင်ရက်နဲ့၊ ခေါင်းချင်းဆိုင်လာနေတဲ့ ကားကိုမြင်ရက်နဲ့ အလျင်စလိုနဲ့ ဝင်တိုးလိုက် တာကြောင့်ရှေ့ တိုးမရ၊ နောက်ဆုတ်မရဖြစ်သွားကာ ယာဉ်ကြော တစ်ခုလုံး အချိန်အတော်ကြာပိတ်ဆို့သွားရတဲ့အဖြစ်တွေ နေ့စဉ်တွေ့ နေရဆဲပါ။

မြို့ထဲက လမ်းကျဉ်းတွေထဲမှာ ကားပိတ်ပြီးတော့ ပစ္စည်းအတင်အချ လုပ်နေတတ်ကြတာကြောင့်လည်း လမ်းထဲမှာ အချိန်ကြာရှည်စွာ ပိတ်မိနေတတ်ကြတုန်းပါ။ လမ်းမပေါ်မှာ ကိုယ်ပိုင်ကားကို နမော်နမဲ့ ရပ်ထားခဲ့ ကာ ထင်ရာလျှောက် ပျောက်နေတာတွေကြောင့်လည်း မထင်မှတ်ဘဲ အချိန်အကြာကြီး ကားလမ်းပိတ်ဆို့သွားတတ်တာကလည်း ရှိနေသေးပါတယ်။ ဒါတွေဟာ ယာဉ်မောင်းတွေရဲ့ တစ်ဦးချင်း စည်းကမ်းလိုက်နာ တတ်မှုနဲ့ ဆိုင်နေသလို ကိုယ်ချင်းစာတရား ထားရှိတတ်မှုနဲ့လည်းဆိုင်နေပါတယ်။ ကိုယ်ချင်းစာတရားဆိုတာလည်း မိမိနဲ့သာဆိုင်ပြီးမိမိကိုယ်တိုင် ခံယူကျင့်သုံးရမယ့်တရားပဲဖြစ်ပါတယ်။ တစ်နည်းဆိုရရင် မိမိရဲ့ စိတ်နေစိတ်ထားပါပဲ။


ငါ့ကြောင့်...သူတစ်ပါး ဘာဖြစ်သွားမှာပါလိမ့် ဆိုတဲ့ အတွေးစိတ်လေးများ ဝင်တတ်တဲ့သူဟာ နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေကိုပါ ချင့်ချိန်တတ်မှာဖြစ်ပါတယ်။ တစ်စီးလောက်၊ တစ်စီးလောက်ဆိုပြီး စည်းကမ်းဖောက်မောင်းချင်သလို မောင်းလာကာ၊ မီးပွိုင့်ရောက်ခါနီးမှ အတင်းလမ်းတောင်းနေတဲ့ စပယ်ယာရဲ့ ကိုယ်ချင်းစာတရား ဆိုတာကဘာလဲ။ တစ်ဖက်ယာဉ်ကြောကို လှည့်ဝင်ဖို့ အချိန်အတန်ကြာ စောင့်နေ ရပြီထင်ရတဲ့ယာဉ်တန်းကို ကြည့်ကာ ခဏလောက် လမ်းကြောပေးလိုက်ရတဲ့သူတွေရဲ့ ကိုယ်ချင်းစာတရားကဘာလဲ။ ဒီတော့ ကားသမားတွေမှာ ''ငါ့ကြောင့်.ယာဉ်လမ်းကြောင်းတစ်ခုခုများ ထိခိုက်လေမလား''ဆိုတဲ့ အသိစိတ်လေးများ ရှိကြရင် ယာဉ်ကြောတွေဟာပိုပြီး ရှင်းလင်းလာမယ်လို့မြင်မိပါတယ်။ ဒီစိတ်မျိုးမဝင်ဘဲ ကွေ့ချင်သလို ကွေ့၊ လှည့်ချင်သလိုလှည့်ကာ ရပ်ချင်သလို ရပ်နေကြမယ်ဆိုရင်တော့ ရန်ကုန်မြို့တော်ရဲ့ ယာဉ်ကြောကို သိကြားမင်းဆင်းပြီး ရှင်းရင်တောင်ရှင်းမှာမဟုတ်ပါဘူး။ တက္ကစီဆရာရဲ့ စကားအရ ကားသမားတွေရဲ့ စိတ်ဓာတ်က ပဓာနကျပါတယ်။ ဒီတော့ ကားသမားတွေရဲ့ စိတ်ဓာတ်ကို ပြောင်းရမလား၊ ပြင် ရမလား၊ အသစ်တည်ဆောက်ရမလား။

ဦးကျော်စိန်(ပညာရေး-ငြိမ်း)

#democracytoday

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS