HOT NEWS
Main menu
adv
ကယ်တင်ရှင် မျှော်လင့်နေတဲ့ တရုတ်သို့ ရောင်းစားခံရသူများ

ကယ်တင်ရှင် မျှော်လင့်နေတဲ့ တရုတ်သို့ ရောင်းစားခံရသူများ

++++++++++++

မင်းဗညား

++++++++++++

 

သံတံခါးကြီးက မောင်းဂျက်ထိုးထားသည့် တံခါးအမြင့်ကြီးဖြစ်သည်။  ဒီတံခါးကြီးကိုဖွင့်ဖို့ သားအမိနှစ်ယောက် ရှိသမျှအားအကုန်သုံးပြီး ကြိုးစားနေသည်။ အချိန်ကား နံနက် ၄ နာရီခွဲခန့် ဖြစ်သည်။ ပတ်ဝန်း ကျင် တစ်ခုလုံး တိတ်ဆိတ်လျက်ရှိနေသည်။ ယခုလိုအချိန်မျိုးမပြောနှင့် သာမန်အချိန်များပင် ထိုတံခါးကြီး ဖွင့်လိုက်တိုင်း 'ဂျိမ်း'ဟု ကျယ်လောင်စွာ မြည်တတ်သည်။ ထိုအသံကြောင့် အိမ်ပေါ်ရှိ အိပ်စက်နေသူများ နိုး သွားမည်ကို စိုးရိမ်စွာဖြင့်ပင် သားအမိနှစ်ဦး စိတ်လှုပ်ရှားမှုများစွာနှင့် ဘုရားတလျက် ကြိုးစားဖွင့်နေကြသည်။ 'ဂျိမ်း'ဟု တံခါးမောင်း ဂျက်ပွင့်သွားချိန်၌ပင် အိမ်ရှေ့မှ ထော်လာဂျီတစ်စီး အသံဆူညံစွာ မောင်းနှင်လိုက် ချိန်နှင့် ကြုံခဲ့သည့်အတွက် တံခါးဖွင့်သံနှင့် ထော်လာဂျီအသံ ရောနှောသွားပြီး ဘေးအန္တရာယ်များမှ လွတ်မြောက်ခဲ့ပုံကို အသက် ၄ဝ ခန့်ရှိ မဝါဝါ(အမည်လွှဲ)က ပြန်ပြောင်းပြောပြသည်။

 


တရုတ်ပြည်နယ်စပ် ကျေးရွာငယ်လေးတစ်ခု၏ ၎င်းတို့ရောက်ရှိနေရာ ထိုအိမ်လေးနှင့် ဝေးနိုင်သမျှ ဝေးကွာစေရန် ကတိုက်ကရိုက် အပြေးနှင်ခဲ့ရသည်။ ၎င်းတို့နှစ်ဦး အဝတ်အစားများ ပြည့်နှက်နေအောင် ထည့်ထား သည့် ခရီးဆောင်အိတ်ကြီးရှိ ကြိုးစနှစ်ခုကို တစ်ယောက်တစ်ဖက်ဆီ လက်ကဆွဲလျက် တောလမ်းအတိုင်း မိနစ် ၂ဝ ခန့် လျှောက်လာခဲ့ရာမှ အသက် ၇၁ နှစ်အရွယ် အမယ်အိုကြီးမှာ ခြေထောက်တွေ နာစပြုလာခဲ့ သည်။ သို့သော် နား၍ မဖြစ်ပြန်။ နားနေလိုက်မည်ဆိုပါက ထိုအိမ်ကြီးတွင် သူတို့နှစ်ဦး မရှိမှန်းသိလျှင် လိုက်လံရှာဖွေတော့မည်မှာ အမှန်ပင်ဖြစ်သည်။ ထိုစဉ် ကားလေးတစ်စီး မောင်း နှင်လာသည်ကို တွေ့မြင် လိုက်ရသည့်အတွက် တရုတ်စကားမတတ်သည့် ၎င်းတို့ နှစ်ဦးအနေဖြင့် သွားချင်သည့်နေရာကိုသာ တရုတ်သံနှောစွာဖြင့် အနီးစပ်ဆုံးလှမ်းပြောလိုက်မိသည်။ ''ကျယ်ဖန်...ကျယ်ဖန်''ဟု မိခင်ဖြစ်သူ ဒေါ်ခင်ချစ် (အမည်လွှဲ)၏ အော်ပြောလိုက်သံကြောင့် ထိုကားလေးမှာ အရှိန်လျှော့ရပ်တန့်လိုက်သည်ဟု သိရသည်။ အဆိုပါကားလေးကို တရုတ်အဖိုးကြီးတစ်ဦးမှ မောင်းနှင်လာပြီး ကားပေါ်တွင် ကလေးငယ်နှစ် ဦး စောင်လေး ခြုံပြီး အိပ်ပျော်နေလျက်ရှိကာ ထိုကလေးငယ်နှစ်ဦးဘေးတွင် ဝင်ထိုင်လျက် ကားလေးဖြင့် လိုက်ပါခဲ့လေသည်။

 


ထိုကားလေးကို မိနစ် ၃ဝ လောက်စီးလာရင်း ကျယ်ဖန်သို့ ရောက်ရှိ ခဲ့ကြသည်။ အလာခရီးတုန်းက မှတ်သားထားခဲ့သည့် ကျယ်ဖန်ဈေးဆိုတာကြီးနှင့် ကျယ်ဖန်ရဲစခန်းကို မြင်တွေ့လိုက်ရသည့်အတွက် သားအမိနှစ်ဦး အနည်းငယ် ဝမ်းသာမိလိုက်သည်။ ''ကားခငွေ ဘယ်လောက်ပေး ရမလဲဆိုတာမေးတော့ သူလဲနားမလည် ကိုယ်လဲတရုတ်စကား မပြောတတ်ဆို တော့ တရုတ်ငွေ ၅ဝ ပေးလိုက်တယ်'' ဟု ဒေါ်ခင်ချစ်က ပြန် လည်ပြောပြသည်။  သားအမိနှစ်ဦး ရာနှုန်းပြည့် တော့ ပျော်ရွှင်လို့တော့ မရသေး။ သူတို့ နှစ်ဦးအတွက် လွတ်မြောက်နယ်မြေဟု မဆိုနိုင်သေးပေ။ ထို့ကြောင့် မူဆယ်ကို သွားနိုင်ရန်အတွက် ထပ်မံကြိုးစားရပြန် သည်။ နေရာအနှံ့တွင် မော်တော်ကား များ၊ တရုတ်လူမျိုးများဖြင့် ပြည့်နှက်နေ သည့် ကျယ်ဖန်ဈေးကြီးအနီးတွင် အကူ အညီရနိုင်မည့်လူများကို လိုက်လံရှာဖွေ ကြည့်မိသည်။ သားအမိနှစ်ဦး ရပ်ထားသည့်ကားတွေ အနားသွားကာ 'မူဆယ် ... မူဆယ် ...မူဆယ်''ဟု တရုတ်သံ ခပ်ဝဲဝဲပြုလုပ်၍ ပြောကြည့်မိသည်။

 

ပထမနည်းလမ်းအတိုင်း ရမည်အထင်နှင့်ပေါ့။ သို့သော် သူတို့နှစ်ဦးပြောသည်ကို မည်သူမှ နားမလည်ကြ။ 'တရုတ်ကောင်လေး တစ်ယောက်အနားသွားပြီး အဖွားလည်း ဘာလုပ်လို့လုပ်ရမယ် မသိတာနဲ့ မြန်မာလို ပဲ ပြောလိုက်တယ်။ ကယ်ပါဦး သားလေးရယ်။ မူဆယ်သွားဖို့ပါ။ အဖွားတို့ကို ကူညီပါလို့ ပြောတယ်။ မရတဲ့အပြင် အဲဒီ ကောင်လေးတွေက အနားကနေ ထွက်ပြေးသွားကြတယ်။ ကျယ်ဖန်ရဲစခန်းကြီး တွေ့ပေမယ့် လည်း ကိုယ်က တရုတ်လိုမှ မပြောတတ်တာ ဘယ်ဖြစ်ပါ့မလဲ။ ကိုယ်တောင် တရားခံဖြစ်သွားနိုင်တယ်''ဟု ဒေါ်ခင်ချစ်က ၎င်းတို့သားအမိနှစ်ဦး တွေ့ကြုံခဲ့သည်များကို ပြောပြနေသည်။ ထိုအချိန်တွင် ရှမ်းလူမျိုးဟု ထင်ရလောက်သည့် ဗမာစကားပြောဆိုတတ်သည့် အမျိုးသမီးတစ်ဦး ရောက်ရှိလာကာ အကူအညီရမည့်လမ်းစ ပေါ် ပေါက်ခဲ့ရပါသည်။ ထိုအမျိုးသမီးမှ ၎င်းတို့၏ ပြည်ဝင်ခွင့်ကတ်ပြားများကို ကြည့်ရှုပြီး သတ်မှတ် ရက်များထက် ကျော်လွန် လျက်ရှိနေကြောင်းနှင့် ထိုအတိုင်းဆိုလျှင် မူဆယ်ဘက်မှ ပြန်လည်ထွက်ခွာရန်မရသည့်အကြောင်းများကို စုံလင်စွာ ရှင်းပြ ပေးခဲ့၏။

 


ထို့နောက် ကုန်ကားတစ်စီးကို  ငှားရမ်းပေးကာ ကုန်ကား၏ ကားခေါင်း ခန်းတွင် ၎င်းတို့သားအမိနှစ်ဦးကို ပေးထိုင်လိုက်ချိန်မှာပင် ၎င်းတို့ကို အလိုရှိသည့်လူများ ရောက်ရှိလာပြီး ဈေးအနီး လိုက်လံရှာဖွေနေသည် ကို တွေ့ လိုက်ရသည်။ ထို့နောက် ၎င်းတို့၏ လက်ကိုင်ဖုန်းများကို ဆက်သွယ်ခေါ်ယူနေခြင်းကြောင့် ဖုန်းကတ်များကိုဖြုတ်၍ ကားပေါ်တွင် မထိုင်ဝံ့တော့ဘဲ ထိုင်ခုံအောက် အနားကပ်၍ ဝပ်နေခဲ့ရသည်။ မကြာမီအချိန် အတွင်း ကားက စတင်ထွက်ခွာနေပြီဖြစ်တာကြောင့် သက်ပြင်းရှည်ကြီးကို ချမိလိုက်သည်။ အဆိုပါ ရှမ်းအမျိုးသမီး၏ လိုက်လံပို့ဆောင်ပေးမှုကြောင့် တောလမ်းခရီးမှ ကားနှစ်ဆင့် ထပ်မံစီးနင်း၍ ပန်ဆန်းဘက် သို့ ရောက်ရှိခဲ့ကာ ထိုမှတစ်ဆင့် မူဆယ်သို့ ပြန်လည်ရောက်ရှိခဲ့ပုံအကြောင်းနှင့်ပတ်သက်၍ ၎င်းတို့၏ခရီးစဉ်များကို ပြောပြနေလေသည်။ အမိမြေသို့ ပြန်လည်ရောက် ရောက်ခြင်း သားအမိနှစ်ဦး အသက်လုပြေးခဲ့ရ သည့်အကြောင်းတွေကိုတော့ ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းနိုင်ရန် ကြိုးစားကြလေတော့သည်။ ထိုဖြစ်စဉ်များသည် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များ လည်းဖြစ်လေသည်။

 

 

ဒေါ်ခင်ချစ်သည် သားသမီး ကိုးဦးထွန်းကားထားပြီး စတုတ္ထမြောက်သမီးမှ မွေးထားသည့် ¤င်း၏မြေးဖြစ်သူ အသက် ၂၈ နှစ်အရွယ် မပပ(အမည်လွှဲ)အား လွန်ခဲ့သောနှစ်များက ခင်မင်ခဲ့သူ အိမ်နီးချင်းဖြစ်သည့် မအေးနန်းဆိုသူမှ ကျောက်မဲရှိ သူ၏လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် စားစရိတ်ငြိမ်း နှစ်သိန်းပေးမည်ဟူ၍ လာရောက်ခေါ်ဆောင်သွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ခေါ် ယူချိန်ကအိမ်တွင် အဖွားဖြစ် သူ ဒေါ်ခင် ချစ်အိမ်တွင်မရှိသည့်အချိန်လည်းဖြစ်သည်။ အဒေါ်ဖြစ်သူ ဒေါ်ဝါဝါမှ တားမြစ်သော်လည်း မပပမှ လစာကောင်းသောကြောင့် လုပ်ကိုင်ရန် သဘောတူညီ၍ လိုက်ပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့ သို့ ခေါ်ဆောင်သွားခဲ့ပြီး နောက် ရက်ပိုင်းအတွင်း အဒေါ်ဖြစ်သူ ဒေါ်ဝါဝါထံသို့ မအေးနန်းဖြစ်သူမှ ဖုန်းဆက်ကာ တူမဖြစ်သူ မပပသည် ကျောက်မဲမြို့နယ်ရှိ မြန်မာအမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်ပြီး လက်ထပ် သွားကြောင်းနှင့် ၎င်းအမျိုးသားမှ တင်တောင်းသော ငွေကျပ် ၂၆ သိန်းအား ၎င်းတို့နေထိုင်ရာအနီးရှိ ဘဏ်တစ်ခုသို့ လွှဲပေးလိုက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

 


ထိုမှ အဒေါ်ဖြစ်သူ ဒေါ်ဝါဝါမှ  တူမဖြစ်သူ အိမ်ထောင်ကျသွားပါက တူမ၏အမျိုးသားများဘက်မှ ဆွေမျိုးများနှင့် တွေ့ဆုံလိုကြောင်း ပြောကြားခဲ့မှုကြောင့် ရက်ပိုင်းအတွင်း သားအမိနှစ်ဦးအား လာရောက်ခေါ်ဆောင် ခဲ့လေသည်။ သို့သော် ကျောက်မဲမြို့သို့ ရောက်ရှိချိန်၌ တူမဖြစ်သူနှင့် မတွေ့ရသေးဘဲ မူဆယ်သို့ ထပ်မံခေါ်ဆောင်ကာ ထိုမှတစ်ဆင့် ရွှေလီသို့ထပ်မံသွားခဲ့ကြောင်း၊ ထိုမှ ကျယ်ဖန်သို့လည်းကောင်း၊ ကျယ်ဖန်မှတစ်ဆင့် တရုတ်နယ်စပ်အတွင်းရှိ ကျေးရွာလေး တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ တူမဖြစ်သူ မပပသည် တရုတ်အမျိုးသားတစ်ဦးနှင့် လက်ထပ်လိုက်ခြင်း ဖြစ်ကာ သူတို့နှစ်ဦး ဟန်းနီးမွန်းထွက်သွားကြောင်း ပြောဆိုလာခဲ့ သဖြင့် ဒေါ်ဝါဝါမှ တူမဖြစ်သူနှင့် တရုတ်အမျိုးသားတို့ လက်ထပ်သွားသည်ကို သဘောမတူကြောင်း နှင့် တူမဖြစ်သူကို ပြန်လည်ခေါ်သွားမည့်အပြင် ပေးထားသည့် ငွေကျပ်၂ ၆ သိန်းကို ပြန်လည်ပေးအပ်မည်ဖြစ်ေ ကြာင်း ပြောသော်လည်း မရခဲ့ပေ။ မအေးနန်းမှ ပြန်လည်ခေါ်ယူမည်ဆိုပါက ခြောက်လခန့် စောင့်ဆိုင်းရန် ပြောသဖြင့် သားအမိ နှစ်ဦး ပြန်လာခဲ့ရခြင်းဖြစ်သည်။

 


ထိုမှ ခြောက်လပြည့်ချိန်တွင် ပြန်လည်ခေါ်ယူရန်အတွက် ဆက်သွယ်အကြောင်းကြားသော်လည်း မပပတွင် ကိုယ်ဝန်ရှိနေပြီဖြစ်သည့်အတွက် ခေါ်ယူ၍မရသေးကြောင်းနှင့် အောက်တိုဘာလမှသာ လာရောက်ခေါ်ယူ ရန် ထပ်မံချိန်းဆိုခဲ့ပြန်သည်။ ထို့ကြောင့် ဒေါ်ခင်ချစ်နှင့် မဝါဝါတို့ သားအမိနှစ်ဦးသည် အောက်တိုဘာလအတွင်း မပပကို ပြန်လည်ခေါ်ယူရန်အတွက် ပြန်လည်ရောက်ရှိလာကြခြင်း ဖြစ်ကာ ကျယ်ဖန်မြို့အနီးရှိ တရုတ်ကျေးရွာ  တစ်ခုမှ အိမ်တစ်အိမ်တွင် ၁ဝ ရက်ကျော်ခန့် စောင့်ဆိုင်းနေခဲ့ရခြင်းဖြစ်သည်။ ''တူမလေးကို အသက်ဘေး အန္တရာယ်မရှိဘဲ ပြန်ရောက်လာစေချင်တယ်။ သူ့မှာ လူမှုရေးဒုက္ခတွေ ခံစားနေရမှာ။ ပြီးတော့ အဲဒီမိန်းမကိုလဲ အမြန်ဆုံး ဖမ်းမိစေချင်တယ်''ဟု မဝါဝါက ပြောသည်။      

                    

မင်းဗညား

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS