Main menu
HOT NEWS
adv
စိုက်ပျိုးရေး ထွက်ကုန်များ အမေရိကသို့ တင်ပို့နိုင်ရန် အစိုးရချင်း ညှိနှိုင်း ဆောင်ရွက်သွားမည်

စိုက်ပျိုးရေး ထွက်ကုန်များ အမေရိကသို့ တင်ပို့နိုင်ရန် အစိုးရချင်း ညှိနှိုင်း ဆောင်ရွက်သွားမည်

ရန်ကုန်၊ သြဂုတ် ၁၂

မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များကို အမေရိကဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံအစိုးရချင်း G to G ညှိနှိုင်းမှုများ ပြုလုပ်သွားရန် အမေရိကန်ဘက်မှ ကတိပြုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ စီးပွားရေးသံမှူး Mr. Alyce Abdall က ပြီးခဲ့သည့် သြဂုတ် ၁ဝ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် တွေ့ဆုံခဲ့ပြီး ယင်းကဲ့သို့တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ စိုက်ပျိုး ရေးထွက်ကုန်များကို အမေရိကဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်အတွက် မြန်မာဘက်မှတင်ပြခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာစီးပွားရေးသံမှူးက အမေရိကဈေးကွက်သို့ မြန်မာသစ်သီးဝလံများ တင်ပို့နိုင်ရန်အတွက် G to G  ဆွေး နွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကတိ ပေးပြောကြားခဲ့သည်။


မြန်မာနိုင်ငံသစ်သီးဝလံအသင်းအတွင်း ရေးမှူးဦးကျော်သူက ''အသီးအနှံတွေတင်ပို့ဖို့ဆိုတာက အစိုးရချင်းချိတ်ဆက်ပြီးတော့မှ တင်ပို့လို့ရမှာဖြစ်တဲ့အတွက်ကြောင့် မြန်မာသစ်သီးတွေတင်ပို့လို့ရအောင်လို့ အစိုးရချင်း ညှိပေးဖို့ကို ကျွန်တော်တို့ကတင်ပြခဲ့တယ်။ အဲ့ဒါကြောင့် သူတို့ဘက်ကလည်း မြန်မာ အစိုးနဲ့ G to G ဆွေးနွေးမှုတွေလုပ်သွားမယ် ဆိုပြီး ပြန်လည်ဖြေကြားခဲ့တယ်'ဟု သြဂုတ် ၁၂ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။ သို့သော် အမေရိကဈေးကွက်သို့ မြန်မာ့ သီးနှံများတင်ပို့နိုင်ရန်မှာ အမေရိကန်၏ APHIS ကဲ့သို့သော တင်းကျပ်သည့်စည်း ကမ်းသတ်မှတ်ချက်များကို ကျော်ဖြတ်ရမည်ဖြစ်ပြီး ယင်းအဆင့်များကိုဖြတ်ကျော်ပြီး အမေရိကန်ဈေးကွက်သို့ မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များတင်ပို့နိုင်ရန်မှာ အခက်အခဲများရှိနေကြောင်း သိရသည်။


APHIS ဆိုသည်မှာ အမေရိကန်နိုင်ငံ၏ အစားအသောက်၊ လယ်ယာထွက်ကုန်၊ သဘာဝအရင်းအမြစ်များနှင့် အခြားဆက်စပ် နေသည့်ကိစ္စရပ်များတွင် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားကို အကာကွယ်ပေးရန်နှင့်မြှင့်တင် ပေးနိုင်ရန်အတွက် အမေရိကန်လယ်ယာစိုက်ပျိုး ရေးဌာန(USDA) မှ လုပ်ဆောင်နေသည့် မဟာဗျူဟာအစီအစဉ်များဖြစ်ကြောင်းသိရသည်။ ''လက်ရှိမှာကတော့ Fresh  ပို့ဖို့ ဆိုတာက အခက်အခဲနည်းနည်းတော့ ရှိနေသေးတယ်။ ခုနကပြောတဲ့ APHIS လိုမျိုးမှာစာရင်းပါဖို့လိုတယ်။ အခုကျွန်တော်တို့ တရုတ်တို့၊ ထိုင်းတို့ကိုပို့နေတယ်ဆိုတာက များသောအားဖြင့် နယ်စပ်ကုန်သွယ်ရေးကနေသာ တင်ပို့နေတာဖြစ်တာကြောင့် အဲ့ဒါတွေမလိုတာ။ Normal Trade ဆိုရင်တော့ နိုင်ငံတိုင်းက အဲ့ဒီလိုဟာမျိုးတွေလိုလာပြီ''ဟု ဦးကျော်သူက ဆက်လက်ပြောသည်။


ကုန်သည်စက်မှုအသင်းချုပ်တွင် ထိုသို့လာရောက်ဆွေးနွေးခဲ့သည်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ စီးပွားရေးသံမှူးက ၎င်းတို့၏အမေရိကန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ရန်အတွက်ရည်ရွယ်၍ ဆွေးနွေးခဲ့ခြင်းသာဖြစ်ပြီး အမေရိကန်သံရုံးမှဦးဆောင်မည့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များသည်လာမည့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့လာ ရောက်ပြီး စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများကို ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

PP

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191