HOT NEWS
Main menu
လမ်းမှန်ပေါ် ရောက်ရမယ်

လမ်းမှန်ပေါ် ရောက်ရမယ်

#Editorial
၂၀၁၆ ကုန်တော့မည်။
မကြာမီ ၂ဝ၁၇ ထဲရောက်တော့မည်။ အချိန်က အရာရာကို တတိတိ တိုက်စားပစ်ခဲ့သည်။ ထိုသို့ တိုက်စားခံရသည့်အထဲတွင် မိမိတို့ကိုယ်တိုင်လည်း ပါဝင်နေသည်မှာ အံ့သြစရာမဟုတ်တော့။ လောကတွင် ဘယ်အရာမှ ရပ်တန့်မနေ။ လောကကြီးနှင့် လူတွေကို ရှုမျှော်ခင်းတစ်ခုလို ကြည့်မြင်ပြီး ဆရာသစ္စာနီက ကဗျာတစ်ပုဒ်ရေးဖူးသည်။ ထိုကဗျာကို 'ရှုခင်း(၁)'ဟု အမည်ပေးထားသည်။

  ကောင်းကင်မှာ

တိမ်တွေ တရွေ့ရွေ့။
တံတားအောက်မှာ
ရေတွေ တရွေ့ရွေ့။
နာရီထဲမှာ
လက်တံ တရွေ့ရွေ့။
မှန်ထဲမှာ
ငါ့မျက်နှာ တရွေ့ရွေ့။
ထိုကဗျာထဲတွင် ပြောင်းလဲခြင်းများကို ပြက်ပြက်ထင်ထင် မြင်ရသည်။ ဇရာ၏လှုပ်ရှား မှုနှင့် အဇ္ဈတ၏အရွေ့ကို ကျွန်တော်တို့ မေ့လျော့၍မရ။ ထိုမမေ့ခြင်း၏နောက်တွင် သတိ သမ္ပဇဉ်လေးက ကပ်ငြိတွယ်ထားသည်။ ထိုသတိဖြင့် ကျွန်တော်တို့ အတိတ်ကိုမြင်ရသည်။ ပစ္စုပ္ပန်ကို ကြည့်ရသည်။ အနာဂတ်ကို လှမ်းမျှော်ရသည်။ ယခုလည်း ကုန်ဆုံးအံ့ဆဲဆဲ ခရစ်နှစ် ၂ဝ၁၆ ကို ကျွန်တော်တို့ သမင်လည်ပြန် စောင်းငဲ့ကြည့်ဖြစ်သည်။ ခေတ်၏ သည်း ခြေကြိုက်နိုင်ငံရေးက ရှေ့ဆုံးကပါဝင်သည်။ ပြီးတော့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် မဏ္ဍိုင်ကြီးလေးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စာ နယ်ဇင်းအပါအဝင် တစ်နှစ်အတွင်း ထင်ရှားကျော်ကြားသော ဖြစ်ရပ်များကို ယခုတစ်ပတ် ရန်ကုန်တိုင်းမ်ဂျာနယ်၏ မျက်နှာဖုံး အကြောင်းအရာအဖြစ် မှတ်တမ်းပြုတင်ပြထားသည်။ ဤသို့ တစ်နှစ်တာအတွင်း အဖြစ်အပျက်များကို ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် ဘယ်ဟာ ကအမှား၊ ဘယ်ဟာကအမှန်ဟူ၍လည်း ဆင်ခြင်နိုင်မည်ဖြစ်သည်။ သေချာသည် တစ်ခုက တော့ ၂ဝ၁၆ သည် အမှန်ချည်းသက်သက်လည်း မဟုတ်သလို၊ အမှားများ လုံးလုံးလျားလျား လည်းမဟုတ်ဘဲ အမှားအမှန်များဖြင့် ကျားကန်ခဲ့ရသော နှစ်တစ်နှစ်ဖြစ်ခဲ့သည်မှာ အလွန် တရာ သေချာလှပေသည်။ မည်သို့ဆိုစေ ထိုမှားခြင်း၊ မှန်ခြင်းများကို သဘောထားကြီးကြီး၊ အသိဥာဏ်ကြီးကြီးဖြင့် ရှုမြင်သုံးသပ်နိုင်မည်ဆိုပါက မကြာမီ ရောက်ရှိတော့မည့် ၂ဝ၁၇ ကို ကြောင့်ကျမဲ့စွာ ဖြတ်သန်းနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ မတော်တဆ လမ်း မှားပေါ် ရောက်ခဲ့သည်ဆိုပါကလည်း မကြာမီ လမ်းမှန်ပေါ်သို့ ပြန်ရောက်နိုင်ပါလိမ့်မည်။ ကဗျာဆရာလှသန်းက ပစ္စုပ္ပန်တည့်တည့်တွင်ရပ်ရင်း ကဗျာတစ်ပုဒ်ကို ရေးဖွဲ့သွားခဲ့ပါသည်။ ထိုကဗျာ၏ ခေါင်းစဉ်မှာ 'တစ်နေ့နေ့' ဖြစ်ပါသည်။
မှတ်တမ်းတွေ
စာချုပ်တွေ
ကြေညာစာတမ်းတွေ
စစ်တမ်းတွေနဲ့
စက္ကူတွေလည်းနွမ်း
လူတွေလည်း ပန်းလှပါပြီ။
ပန်းခြံထဲမှာ
ပန်းတွေရောင်စုံပွင့်ကြသလို
တို့တတွေ အသိဥာဏ် ရင့်သန်ကြရင်ဖြင့်
လမ်းမှန်ပေါ်ရောက်ရမှာမလွဲ။ ။
အယ်ဒီတာ (YangonTimesJournal)
Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS