HOT NEWS
Main menu
adv
ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းများ အသင်းဥက္ကဋ္ဌ  ဦးတက်တိုးရှင်နှင့် တွေ့ဆုံခြင်း

ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းများ အသင်းဥက္ကဋ္ဌ ဦးတက်တိုးရှင်နှင့် တွေ့ဆုံခြင်း

----------------------------------------------------------------

"နေရာတိုင်းမှာ  အခြေခံတစ်ဦးချင်း  လုံခြုံရေး၊

အစုအဖွဲ့ လုံခြုံရေးတွေ အဆင့်ဆင့်ဖြစ်လာခဲ့မယ်ဆိုရင်

ရဲတောင်  အလုပ်ရှိမှာ မဟုတ်တော့ဘူး"

----------------------------------------------------------------

ပြည်သူလူထုတွေ လုံခြုံမှုရှိအောင် ဘယ်လို နေထိုင်ဆောင်ရွက်ကြရမလဲနှင့် ပုဂ္ဂလိက လုံခြုံရေးအကြောင်း သိရှိနိုင်စေရန် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းများအသင်း ဥက္ကဋ္ဌ ဦးတက်တိုးရှင်နှင့် ယခုလို တွေ့ ဆုံမေးမြန်းထားသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပုဂ္ဂလိကလုံခြုံရေး ဆိုတာဘာလဲသိပါရစေ။

ပုဂ္ဂလိက လုံခြုံရေးဆိုတာ မိမိလုံခြုံရေးကို မိမိမှကိုယ်တိုင် သော်လည်းကောင်း၊ မိမိရဲ့ အစီအစဉ်အဖြစ်သော်လည်းကောင်း မိမိရဲ့အကျိုးစီးပွားအတွက် လုံခြုံအောင်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိမိလုံခြုံရေး အတွက် မိမိတာဝန်ယူလိုသော Concept  ရှိခြင်းဖြစ်ပါတယ်။


လူတွေက လုံခြုံမှုမရှိဘူးလို့ ပြောကြတယ်။ လုံခြုံမှုရှိအောင် ဘာတွေ သတိထားဆောင်ရွက်ကြရမလဲ။

ဒီနေရာသွားရင် ရိုက်လုခံရမလား ဆိုတာကလည်း လုံခြုံရေး Concept ပဲဖြစ်တယ်။ ရိုက်လုခံရမယ့်နေရာကို သတိမမူဘဲသွားမယ်ဆိုရင် ရိုက်လုခံရမှာကျိန်းသေတယ်။ ဒါဆို ပုဂ္ဂလိကလုံခြုံရေး မရှိဘူးပေါ့။ ဘေး အန္တရာယ်ရှိမယ်ဆိုရင် မသွားနဲ့လေ။ ပုဂ္ဂလိက လုံခြုံမှု မရှိဘူးဆိုတာ ရဲကြောင့်မဟုတ်ဘူး။ ဒီနေရာဘေးတွေ့မယ် ဆိုတာကိုသွားတယ်။ သွားတော့ခံရရော။ အဲဒါ ပုဂ္ဂလိက လုံခြုံရေးပဲ။ ဒီနေရာကိုသွားရင် ဓားပြတိုက် ခံရမယ်ဆိုတာ သိတယ်။ မသွားဘူးဆိုရင် ဓားပြတွေအစီအစဉ် မပျက်သွားဘူးလား။ ကြာရင် ထမင်းငတ်မှာပေါ့။ ကိုယ့်အိမ်ကိုယ် လုံခြုံအောင်ထားမယ်။ ခိုးလို့မရရင် သူခိုးက ထမင်းငတ်မှာပေါ့။ ခါးပိုက်နှိုက် မခံရအောင် ကိုယ့် ပစ္စည်းကိုယ် လုံအောင်သိမ်းပေါ့။ ဒါက ပုဂ္ဂလိကလုံခြုံရေးဘဲ။ အိမ်ထဲမှာနေလို့ အသတ်ခံရတာထက် လမ်းပေါ်သွားလို့ အသတ် ခံရတာများတာပဲ။


ပုဂ္ဂလိကလုံခြုံရေး ကိုယ်ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုရင် ဘာလုပ်ရမလဲ။

ပုဂ္ဂလိကလုံခြုံရေးကို ကိုယ်တိုင်မလုပ်နိုင်ဘူးဆိုရင် ညစောင့်တစ်ယောက်ငှားမယ်။ ညစောင့်ထားပြီးတော့လည်း ညစောင့် အလုပ်လုပ်လားမလုပ်လား ကြည့်ရဦးမယ်။ အဲဒါကိုယ့်အလုပ်တွေဘဲ။


ပုဂ္ဂလိကလုံခြုံရေးအသိ မြှင့်တင်ဖို့ဆိုရင် ဘာကိုအရင်ဆောင်ရွက်ရမလဲ။

တစ်ဦးချင်းတစ်ဦးချင်း လုံသွားမယ်ဆိုရင်တော့ အမှုမရှိ တော့ဘူး။ အိပ်တယ်ဆိုရင် တံခါးပိတ်ပြီးတော့အိပ်။ လုံခြုံအောင်အိပ်ပေါ့။ အဲလိုမျိုး တစ်ဦးချင်းတစ်ယောက်ချင်း စုစည်းလိုက်မယ်ဆိုရင် အိမ်ရာလုံခြုံရေး ဖြစ်မ သွားဘူးလား။ ရပ်ကွက်လုံခြုံရေး မဖြစ်ဘူးလား။ ကိုယ့်ရပ်ကွက်ထဲကို ဘယ်သူလာလာသိအောင် လုပ်ထားရင် ဝင်ရဲပါ့မလား။ ဗီလာဆိုတဲ့ အိမ်ရာတွေထဲမှာရော ဝင်ရဲမလား။ စက်ရုံတွေကိုရော သူခိုးဝင်ရဲမ လား။ နောက်ဆုံးတိုက် တွေဆိုပါစို့။ တစ်ခန်းချင်းစီက လုံခြုံရေးရှိမယ်ဆိုရင် တိုက်တစ်တိုက်လုံး လုံခြုံရေးဖြစ်မသွားဘူးလား။ တိုက်တစ်တိုက် လုံခြုံရေးပြန်ထားလိုက်ရင် ပိုပြီးတော့ မလုံခြုံသွားဘူးလား။ နေရာတိုင်း မှာ အခြေခံဖြစ်တဲ့ တစ်ဦးချင်းလုံခြုံရေး၊ တစ်ဦးချင်းလုံခြုံရေးကနေ အစုအဖွဲ့လုံခြုံရေး၊ ဒီလုံခြုံရေးတွေ အဆင့်ဆင့်ဖြစ်လာခဲ့မယ်ဆိုရင် ရဲတောင်အလုပ်ရှိမှာ မဟုတ်တော့ဘူး။


ပြည်သူအများသွားလာနေတဲ့ Public Area  တွေမှာ လုံခြုံမှုရှိအောင် ဘာတွေ ဆောင်ရွက်ကြရမလဲ။

ရှော့ပင်းစင်တာတွေမှာ လုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ Walk Through တွေ ဖြတ်ဖူးကြမယ်။ စစ်ဆေးတဲ့ကိရိယာနဲ့ရော စစ်ဆေးခံရတယ်။ အသံမြည်လို့ ဘယ်နှခါမောင်းထုတ်ဖူးလဲ။ ပြန်စစ်ဖူးလဲ။ မောင်း မထုတ်ဘူး။ အဲဒါ ပုဂ္ဂလိကလုံခြုံရေး အားနည်းချက်ပဲ။ စက်ကိရိယာတွေ တပ်ထားသော်လည်း စက်ကိရိယာတွေ ကိုသုံးတဲ့တန်ဖိုး၊ အသုံးဝင်တဲ့တန်ဖိုးဖြစ်အောင် မသုံးကြတဲ့အတွက် လုံခြုံရေးက မရှိဘူးပြောလို့ရ တယ်။ လုံခြုံရေးမရှိလို့။ လုံခြုံ ရေးရှိသော်လည်း လုံခြုံအောင်မလုပ်ကြလို့။


ရှော့ပင်းစင်တာမှာ စက်ကိရိယာတွေနဲ့ စစ်ဆေးလို့ အချက်ပေး အသံမြည်ပေမယ့် ဘာကြောင့်ဆက်လက် မစစ်ဆေးတော့တာလဲ။

ရှော့ပင်းမော ပိုင်တဲ့သူက လက်မခံဘူး။ Customer Right, Customer Relatioship, Customer စိတ်ညစ်အောင်လုပ်တယ်လို့ ယူဆတယ်။ Customer  တွေကို ဆက်မစစ်ဘူး။ အချိန်ကြာမယ်။ ဝယ်သူ မလာတော့ဘူး။ Customer တစ်ယောက်လောက်က Conplain တက်လိုက်ရင် လုံခြုံရေးက အလုပ်ပြုတ်တယ်။ လုံခြုံရေးက ထမင်းငတ်သွားတယ်။ လုံခြုံရေးက တဖြည်းဖြည်း ညံ့သွားတယ်။ လုံခြုံရေးက လုံခြုံရေး အလုပ်မလုပ်ရဘူး။ လုံခြုံရေးက တံခါးစောင့် ဖြစ်သွားတယ်။ လုံခြုံရေးရှိနေလို့ ပေါ့သွားတယ်။ လုံခြုံရေးက လုံခြုံရေးမလုပ်ရဘူး။ မရှိတာက ပိုကောင်းဦးမယ်။ မရှိတော့ သတိထားတာပေါ့။


စစ်ဆေးမှုမခံနိုင်ကြလို့ ဘာတွေဖြစ်ခဲ့ဖူးပါသလဲ။

နောက်ဆုံးမှာ စင်တာတွေမှာ ဗုံးပေါက်ခဲ့တယ်။ လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်က ဒဂုံစင်တာပေါက်တယ်။ စင်တာသုံးခု ဗုံးပေါက်တယ်။ ဘာကြောင့်လဲ အဲဒီမှာလည်း Concept က အစစ်ဆေး မခံ နိုင်ဘူး။ စစ်ဆေးလို့ မရဘူး။ တို့ဗမာတွေရဲ့ Tradition ခေါ်မလား ဓလေ့ခေါ်မလား ကိုယ့်ကိုစစ်ဆေးတာကို မကြိုက်ဘူး။ အမှန်တော့ ကိုယ့်ကိုစစ်ဆေးလိုက်ရင် ကိုယ်ကဂုဏ်ရှိတယ်။ ကိုယ်က သန့်မသွားဘူးလား။ Cetificate  မရသွား ဘူးလား။ ဒါကိုလူတိုင်းက Concept မထားဘဲနဲ့ စစ်ဆေးမခံချင်ဘူး။ စိတ်အနှောင့်အယှက် ဖြစ်တယ်။ အထူးသဖြင့် လူကြီးတွေက စဖြစ်တတ်တယ်။ ငါဘာ ကောင်လဲဆိုတာ မင်းမသိဘူးလားက စတာ။ လူလိမ် လူညာဆိုတာ လိမ်လို့ရအောင် အယောင်ဆောင်မှရတာ။ အသွင်ယူမှရတာ။ လူ တိုင်းလူတိုင်းက လုံခြုံရေးကို တာဝန်ယူသွားမယ်ဆိုရင် လုံခြုံသွားမယ်လို့ ပြောလို့ရပါတယ်။


နိုင်ငံတကာ လေဆိပ်တွေမှာ ဘယ်လိုလုံခြုံမှုတွေ ဆောင်ရွက်ကြလဲ။ မြန်မာနိုင်ငံမှာ ဘာတွေလုပ်ရမလဲ။

အသံမြည်တာနဲ့ ပြန်ထွက်။ ပစ္စည်းလုံးဝမပါတော့မှ ဝင်ခွင့်ရှိတယ်။ အသံမြည်ရင် ဘာလဲပြပါဆိုပြီး ပြခိုင်းတယ်။ ရေဘူးလုံးဝသယ်လို့မရဘူး။ ဒီနေ့ကွဲသွားတဲ့မိုင်းဆိုရင် Chemical တွေ၊ သံတွေ မဟုတ်တော့ဘူး။ ဒီလို မိုင်းမျိုး လေယာဉ်ပေါ်ကွဲရင် ပြဿနာ ရှိပြီ။ မြန်မာပြည်လေဆိပ် ဘာတွေပြင်ဆင်ပြီးပြီလဲ မေးမယ်။ အဲလိုပြင်ဆင်ပြီးနောက် ပြည်သူတွေက အရှာခံရမယ်ဆိုရင် အရှာခံပါ့မလားမေးမယ်။ လက်သည်းညှပ်လေး တစ်ခု ယူလာတယ်။ ဖြတ်လိုက်တော့ အသံမြည်တယ်။ ချွန်ထက်တဲ့အရာ ပါတယ်ပြောတယ်။ ယူလို့မရဘူး။ လုံခြုံရေးစစ်ဆေးခံဖို့ အသွင်ကူးပြောင်းဖို့ လိုနေပြီလို့ ပြောချင်ပါတယ်။


ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းထဲမှာ အသေးစားပေါက်ကွဲ မှု ဘာကြောင့်ဖြစ်တာလဲ။

လွှတ်တော်ထဲသွားရင် သေချာစစ်လား။ မစစ်ဘူး။ ဘယ်နှယောက် အပေါ်တက်သွားတယ်။ အောက်မှာဘယ်နှယောက်ရှိလဲမသိဘူး။ လုံခြုံရေးအတွက် တပ်ဆင်ရတဲ့ Walk Through လည်းမရှိသေးဘူး။ Walk Through  ကတော့ဗုံးတို့သံ Metal သတ္တုတွေပါရင် အသံမြည်တဲ့ကိရိယာပါ။ X-ray စက်ကတော့ အရည်ပါပေါ်တယ်။ လုံခြုံရေး Concept မရှိလို့ဖြစ်တယ်လို့ ဦးကယူဆတယ်။ လုံခြုံရေးသတိ၊ လုံခြုံရေးအသိ မရှိလို့ဖြစ်တာ။ ခု ကြေညာချက်ထုတ်နေပြီ။ မသုံးမဖြစ်သုံးရမယ်။


ပုဂ္ဂလိကလုံခြုံရေး မြှင့်တင်ဖို့ဖို့ဆိုရင် ဘာတွေလိုအပ်မလဲ။

ပုဂ္ဂလိကလုံခြုံရေး မြှင့်တင်ဖို့အဓိက အပိုင်းနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက လူအင်အား၊ တစ်ပိုင်းက လက်နက်အင်အား အမြဲတမ်းပါတယ်။ လူအင်အားပိုင်းဆိုရင် လူတွေကိုစွမ်းအင်ရှိဖို့ Quality  ပေါ့။ မြှင့်တင် ဖို့ ဆွေးနွေးခြင်းဖြစ်ပါတယ်။ လုံခြုံရေးအထောက် အကူပစ္စည်းတွေ သုံးနိုင်အောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ဆွေး နွေးခဲ့တယ်။ ဖွဲ့စည်းတဲ့အပိုင်း၊ ဝန်ထမ်းပိုင်း၊ လုံခြုံရေး အထောက်အကူ ပြုပစ္စည်းပိုင်းဆို ပြီးစဉ်း စားနေတယ်။ ဖွဲ့စည်းရေးမှာ ကုမ္ပဏီတွေ၊ အဖွဲ့တွေရှိကြတယ်။ လုံခြုံရေးပေးတဲ့ ကိုယ်ပိုင်အဖွဲ့အစည်းတွေ ရှိကြတယ်။ လုံခြုံရေးအဖွဲ့တွေက ပြည်ထဲရေးအောက်မှာရှိရမယ်။ အခု ပုဂ္ဂလိကလုံခြုံရေးအောက်မှာ ပါဝင်နိုင် ဖို့ စာရင်းတွေ ကောက်ခံနေပါတယ်။ လုံခြုံရေး ကုမ္ပဏီတိုင်း မှတ်ပုံတင်ရမယ်။ အချို့အဖွဲ့တွေကျတော့ ဝတ်စုံပေးဝတ်ပြီး လုံခြုံရေးလုပ်ခိုင်းတယ်။ မှတ်ပုံတင်ထားတာမရှိဘူး။ အဖွဲ့ဖွဲ့စည်းထားတာ မရှိကြဘူး။ ကုမ္ပဏီ မရှိဘူး။ အခု ယူနီဖောင်းဝတ် အခုလုံခြုံရေးဖြစ်သွားတဲ့သူတွေက အများကြီးပဲလေ။ ဒါတွေကို စနစ်တကျ ပြုပြင်ပြောင်းလဲရမယ် လုပ်သွားရမယ်လေ။


လုံခြုံရေး အထောက်အကူပြုပစ္စည်းတွေနဲ့ လုံခြုံမှုပေးနိုင်အောင် ဆောင်ရွက်မယ့်အကြောင်း သိပါရစေ။

ပစ္စည်းရှိပေမယ့် မသုံးတတ်လို့၊ အသုံးမဝင်ခြင်း၊ မရှိလို့ မသုံးတာရယ်။ Customer လက်မခံလို့ မသုံးရတာရယ်။ ပစ္စည်းမသုံးနိုင်ရတဲ့ အကြောင်းပေါ့။ Walk Through  တွေရှိတယ်။ အသံလုံးဝ မမြည်မှ ပေးဝင်ရ မယ်။ ခါးပတ်ကအစ ဖြုတ်ပြီးပေးရမှာ။ အခမ်းအနားကြီးတွေ၊ လေဆိပ်တွေမှာ ပြဿနာရှိတယ်။ လုံခြုံရေးပစ္စည်းတွေကို သုံးတတ်အောင်သုံးဖို့က မေတ္တာရပ်ခံလို့မရဘူး။ အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ အာဏာနဲ့သုံးဖို့ အမိန့်ထုတ်ပေးမှသာ ညွှန်ကြားချက်ထုတ်ပေးမှသာရမယ်။


စင်တာထဲက ဝန်ထမ်းကို ကတ်ကြေးနဲ့ ဝင်ထိုးတဲ့ဖြစ်စဉ်တွေ ရှိ ဖူးတော့ ရှော့ပင်းစင်တာထဲမှာရှိတဲ့ ဝန်ထမ်းတွေလုံခြုံဖို့ရော ဘာတွေလုပ်ဆောင်ထားဖို့ လိုလဲ။

ဆိုင်ကနေ လုံခြုံရေးကိုခေါ်တဲ့ အရေးပေါ်ကိရိယာတွေ တပ်ထားဖို့လိုပါတယ်။ သူ့ဆိုင်ထဲမှာ ပြဿနာပေါ်တယ်။ ခလုတ်လေး နှိပ်လိုက်ရင် လုံခြုံရေးက ချက်ချင်းရောက်သွားမယ့်ဟာမျိုးတပ်ရမယ်။ ဆိုင်မှာ ခိုးမှုလုယက်မှု၊ တိုက်ခိုက်မှုတွေရှိတယ်ဆိုရင် လုံခြုံရေး ချက်ချင်းရောက်လာမယ်။


ပုဂ္ဂလိကလုံခြုံရေး ဆောင်ရွက်ရတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲနဲ့ လိုအပ်ချက်တွေကိုသိပါရစေ။

အခက်အခဲကတော့ လုံခြုံရေးဥပဒေ ထွက်မလာသေးလို့။ ပုဂ္ဂလိကလုံခြုံရေး ဥပဒေထွက်သွားပြီးရင် ပြဿနာမရှိတော့ဘူး။ ဥပဒေထွက်ပြီးရင် ကျောရိုးရှိတယ်။ ကျောရိုးရှိရင် လုပ်ပိုင်ခွင့်ရှိတယ်။ လတ်တလောမှာ ရာဇ ဝတ် ဥပဒေအရ ဘာမှကိုင်ဆောင်လို့ မရဘူး။ ရော်ဘာတုတ်လောက်ပဲ ဟန်ပြကိုင်ဆောင်လို့ရတယ်။ လူတစ်ယောက်ကို လက်ထိပ်ခတ်လို့မရဘူး။ သာမန်လူတွေ လိုက်နာရတဲ့ဥပဒေတွေကို လိုက်နာရတယ်။


အခု ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းများအသင်းမှာ အင်အားဘယ်လောက်ရှိပါသလဲ။

အဖွဲ့ဝင်ကုမ္ပဏီ ၂ဝ၊ ဝင်ထားတဲ့ လုပ်ငန်းရှင် ၂၄ယောက်ရှိပါတယ်။ နောက်ထပ်လည်းအဖွဲ့ဝင်တွေတိုးလာဖို့ရှိပါတယ်။


ရှေ့ဆက်ပြီးတော့ဘာတွေလုပ်ဆောင်သွား မလဲသိပါရစေ။

ပုဂ္ဂလိကလုံခြုံရေးဥပဒေပြဋ္ဌာန်းသွား ဖို့ရှိတယ်။၂ဝ၁၇ခုနှစ် မှာစတင်ရေးဆွဲမယ်။ ၂ဝ၁၈ခုနှစ်မှာတင်မယ်။ ဥပဒေမူကြမ်းအ ရင်ရေးဆွဲပြီး ဥပဒေဖြစ်လာရင်လွှတ်တော် ကိုတင်ဖို့ရှိပါတယ်။


အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။   

သူသူထက်လွင်

#theyangontimes

Last modified onFriday, 16 December 2016 11:51
Rate this item
(3 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS