HOT NEWS
Main menu
ကားပင်လယ် လူရေလှိုင်း ခွေးမုန်တိုင်း ထနေသဖွယ်

ကားပင်လယ် လူရေလှိုင်း ခွေးမုန်တိုင်း ထနေသဖွယ်

ဟိုတုန်းက ရန်ကုန်မြို့ကို ခဏခဏ ရောက်လေ့ရှိပြီး ထုံးလိုချေ ရေလို နှောက် နေရာတကာ နှံ့နှံ့စပ်စပ်ရှိခဲ့ပေမယ့် မသွားဖြစ်တာ အတန်ကြာခဲ့ပါပြီ။ ယခုအကြိမ်ရောက်ရာမှာတော့ ခါတိုင်းနဲ့မတူတဲ့ ရန်ကုန် ဟာ နေရာတကာပြောင်းလဲနေပြီး ကားပင်လယ်ကြီးဖြစ် လူရေလှိုင်းထကာ ပေါက်လွှတ်ပဲစား ခွေးလေခွေးလွင့်များကလည်း လူ တွေနဲ့ဒွေးရောယှက်တင် တွေ့မြင်နေရပါတယ်။ ဖလားဝါးနယူးစ်ဂျာနယ်မှ Editor In Charge ဖြစ်တဲ့ နှင်းကိုက ရောက်တုန်းရုံးဘက်ကို လာလည်ပါဦးလားဆိုတာနဲ့ ပစ္စည်းလေးဝယ်ရင်း မြို့ထဲထွက်လာပါတယ်။ ကားကျပ် ကားပိတ်တာနဲ့ ကြုံကြိုက်ပြီး အဲဒီနေ့က အချိန်မလောက်မငဖြစ်လို့ ရွှေတိဂုံ ဘုရားကိုဖူးကာ လှည့်ပြန်လာခဲ့ရပါတယ်။


အိမ်ကထွက်လာတာနဲ့ ဘယ်နေရာကြည့်ကြည့် ကား၊ လမ်းမကြီးတွေမှာ ပြွတ်သိပ်ထိစပ်နေတာ ကား၊ လမ်းသွယ်လမ်းကြားတွေထဲမှာလည်းကား၊ နေရာတကာကားတွေချည်းပါပဲ။ ဒီပြဿနာကို ယခုတက်လာတဲ့ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦးစားပေးဖြေရှင်းဖို့ ပြောဆိုတဲ့အထဲမှာတစ်ခု အပါအဝင်ဖြစ်လို့ မကြာမီ ပြေလည်သွားလိမ့် မယ်လို့တော့ မျှော်လင့်မိပါတယ်။ အဖေ ရန်ကုန်ကိုသွားပြီး ဘုရားဖူးစဉ် တုန်းက ရွာပြန်ရောက်တော့ ရွာသူရွာသားတွေ အဖေ့နားရောက်လာပြီး ဘုရားတွေစုံအောင် ဖူးခဲ့ရလား၊ ရန်ကုန်မြို့ကြီးမှာကားတွေ၊ တိုက် တွေ၊ လူတွေ ပေါတယ်ဆိုတာ အဟုတ်လား၊ ရွာက ဘုရားပွဲလောက်ရော စည်ရဲ့လားစသ ဖြင့် မေးကြမြန်းကြစပ်စုကြပါတယ်။ တောင်သူလယ်ယာအလုပ်နဲ့သာ မွေ့လျော်နေတဲ့အဖေဟာ မြို့အရောက်အပေါက်နည်းပြီး ရန်ကုန် နေတဲ့ သူ့သားကြီးက ဘုရားဖူးရအောင်ခေါ်သွားလို့ သာ ရောက်ဖူးခဲ့တာပါ။ အဖေလည်း ရန်ကုန်မှာ လူစည်ကားတာ၊ ကားပေါတာ ပြောပြဖို့အတွက် စကားလုံးရှာရဟန် မတူပါ ဘူး။ ဒါနဲ့ မီးဖိုချောင်ထဲ သုတ်ခနဲဝင်သွားပြီး ဆန်လက်တစ်ဆုပ်ယူလာကာ လူအများရှေ့ ကြဲချလိုက်ပါတယ်။ ဒီနောက် အဖေက ဆန် စေ့တွေကို လက်ညှိုးထိုးပြီး ''အဲ-အဲဒီထဲ ငါ လဲပါတယ်ကွ''ဆိုပြီး ပြောလိုက်ပါတယ်။


မှတ်မိပါသေးတယ်။ ရန်ကုန်မြို့ကို အဖေဘုရားဖူးလိုက်သွားတာ ပါတီကောင်စီခေတ်ကပါ။ ဟိုတုန်းက ရန်ကုန်အဲလောက်စည်ရင် ယခုမျက်မှောက်အနေအထား စဉ်းစားသာကြည့်ပါတော့။ လမ်းပန်းတံတား မလုံလောက် ကားထားဖို့နေရာ ပေါက်သောက်နဲ့ ကားတွေ ဖောခြင်းသောခြင်း တင်သွင်းလာတာနဲ့အမျှကားတွေ တစ်နေ့ထက်တစ်နေ့ကျပ်ကာ လမ်း တွေပိတ်ဆို့လာပါတယ်။ လမ်းသွယ်လမ်းကြား တွေထဲမှာသာမ က ဘုန်းကြီးကျောင်းတိုက်အချို့မှာပါ အခပေးကားထားရတဲ့စနစ်ရှိနေလို့ အတန်အသင့် အဆင်ပြေနေတယ်လို့ဆိုရမှာပါ။ ခက်တာက ကားကြိုကားကြားအောက် အမှီပြုခိုအောင်းနေထိုင် သောင်းကျန်းနေ တဲ့ ခွေးလေခွေးလွင့်ပြဿနာက တစ်မှောင့်လို့ဆိုရပါလိမ့်မယ်။ ဖြတ်သွားဖြတ်လာလူတွေကို အခါအားလျော်စွာ ရန်မူကိုက်ခဲတတ်လေ့ရှိပြီး ခွေးသူခိုးရွာလည်ဆိုတာလို ခွေးပိုင်ရှင်မရှိ ဘယ်သူဘယ်ဝါ မွေးထားမှန်း လည်းမသိနဲ့ ခံရသူတို့အဖို့ များစွာဣနြေ္ဒမဲ့လှပါတယ်။ ကြည့်မြင်တိုင် အင်းစိန်လမ်းထဲက အိမ်မှာနေထိုင်တဲ့ အစ်ကိုသာစည်စိုးမင်းအောင်ဆိုရင် နံနက်စောတိုင်း ဘုရားဝတ်တက်ပြီးတာနဲ့ အိမ်က စောစော စီးစီးထွက်ကာ လမ်း လျှောက်လေ့ရှိပါတယ်။ လမ်းထိပ်မှာထားတဲ့ သူ့ကားနဲ့ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်သွားကာ ဘုရားတက်ဖူးရင်း လမ်းလျှောက်သလို တစ်ခါတစ်ရံမှာတော့ ရပ်ကွက်ထဲက လမ်းမှာ ပဲ လျှောက်လေ့ရှိပါတယ်။


တစ်နေ့အစ်ကိုလည်း ဘုရားဘက်မသွား ဖြစ်တာနဲ့ အိမ်ရှေ့လမ်းအတိုင်းလျှောက်မယ် စိတ်ကူးရကာ အိမ်ကထွက်လာပါတယ်။ လူသူအသွားအလာနည်းသောအချိန်ဖြစ်ပြီး ခွေး လေခွေးလွင့်တွေက ဟိုစပ်စပ် သည် စပ်စပ် ကိုးလိုးကန့်လန့်လုပ်နေတာနဲ့ စိတ်ထဲကဒီခွေး တွေ စည်ပင်ကရှင်းပစ်ဖို့ ကောင်းတယ်လို့ အောက်မေ့မိလိုက်ပါတယ်။ ကမ်းနားလမ်း အရောက်မှာ လက်ယာဘက်ချိုးပြီး ကြည့်မြင်တိုင်ညဈေးဘက်က လှည့်ပြန် လာခဲ့ပါတယ်။ စောစောက ခွေးတွေအပေါ်စိတ်ထဲထားလိုက်တဲ့ဒေါသက တန်ပြန်လာတာလားမသိ၊ ဈေး ထောင့်အရောက်မှာ ကားကြိုကားကြားအောက်က ခွေးတစ်အုပ်ထွက်လာပြီး ခွေးတစ်ကောင် ကိုက်တာခံရပါ တယ်။ ဆောင့်ကန်လိုက်လို့ မကိုက်မိဘူးထင်ပေမယ့် လမ်းလျှောက်ရင်း ခြေသလုံးကြွက်သားနေရာက စပ်ဖျဉ်းဖျဉ်းဖြစ်လာတာနဲ့ ကြည့်လိုက်တော့သွေးစို့နေပါတယ်။ ဒါနဲ့ ဆေးခန်းသွားပြတော့ ဆရာဝန်က ခွေး ရူးပြန်ဆေးထိုးထားမှ စိတ်ချရမယ်ဆိုတာနဲ့ ဆေးပတ်လည်အောင် ဆေးထိုးလိုက်ရတာ ငွေတစ်သိန်းလောက်ထွက်သွားပါတယ်။ အသွားမတော် တစ်လှမ်းတဲ့။ ခါတိုင်းလို ဘုရားဖူးသွားရင်း လမ်းလျှောက်ရ အကောင်း သားဆိုပြီး အစ်ကိုက ပြောပြတာ ဖြစ်ပါတယ်။


'တလင်းပြောင်ရာ ခွေးချေးပါ'ဆိုတဲ့အတိုင်း ကတ္တရာလမ်းပေါ်လည်း နမော်နမဲ့သွားလို့မရ၊ မြို့ပါးဝနေတဲ့ ခွေးတွေဟာ ခွေးနေရာ ခွေးမနေဘဲ ကားလာရင်ရှောင်မပေး၊ လူကိုလည်းရန်မူချင်သေး။ မတော်တဆ အကိုက် ခံရပြီဆိုတာနဲ့ ခွေးရူးခွေးကောင်းမှန်း မသိတဲ့အတွက် ခွေးရူးပြန်ဆေးထိုးရပါတယ်။ ခွေးရူးကိုက်ခံရသူဟာ အကိုက်ခံရပြီးနှစ်ပတ်အတွင်း ဦးနှောက်ကို ပိုးရောက်ရှိကာ ခွေးရူးလိုရူးပြီး သေဆုံးသွားတာဖြစ်ပါတယ်။ ဒါကြောင့် ခွေးရူးဗိုင်းရပ်စ်ပိုးသတ်ဆေးကို တစ်နေ့တစ်လုံး ပုံမှန်နဲ့ ၁၄ရက်ဆက်တိုက်ထိုးပေးရပါတယ်။ လူတို့နဲ့လက်ပွန်းတတီးနေတဲ့တိရစ္ဆာန် တွေအနက် ခွေးဟာ အားအထားရဆုံးဖြစ်သလို သစ္စာအရှိဆုံးလည်းဖြစ် ပါတယ်။ ဝံပုလွေကနေဆင်းသက်လာဖွယ်ရှိတဲ့ ခွေးကို တစ်စတစ်စ လေ့ကျင့်မွေးမြူပေးရာက အိမ်မွေးခွေး အမျိုးမျိုး ပေါ်ပေါက်လာတယ်။ ညဘက်ရံဖန်ရံခါ ခွေးများအူလေ့ရှိရာ ဝံပုလွေများအစာရှာထွက်ရာမှာ တစ်ကောင်တစ်ကောင် အူပြီးခေါ်တာက စတင်လာခဲ့တယ်လို့ဆိုပါတယ်။ ခွေးရဲ့မူလဇာတိဟာ အမဲလိုက်ဖို့ ဝါသနာထုံတဲ့အ လျောက်ငယ်စဉ်ကတည်းက မြင်မြင်သမျှကြက်၊ ငှက်၊ ကြောင် စတာတွေကို လိုက်လံကိုက် ခဲ တတ်ပြီး ချွန်ထက်တဲ့သွား၊ ဖျတ်လတ်တဲ့အမူ အကျင့်နဲ့ အနံ့ခံကောင်းတာတွေကလည်း မွေးရာပါအရည်အသွေးတွေ ဖြစ်ပါတယ်။


ကမ္ဘာပေါ်မှာ ယဉ်ပါးတဲ့ ခွေးမျိုးပေါင်း ၂၂၅မျိုးခန့်ရှိပြီး ၂၅မျိုးခန့်က ခွေးကြီးမျိုးတွေ ဖြစ်တယ်။ ခွေးများကို အမျိုးအစားအလိုက်ခွဲ ခြားရာမှာ ခွေးဝံပုလွေ၊ ခွေးသမင်၊ သင်္ဘော ခွေးမွေးရှည်၊ အမဲလိုက်ခွေး၊ အိမ်စောင့်ခွေး ကြီးမျိုးနဲ့ မြေတူးခွေးဆိုပြီး ခြောက်မျိုးရှိတယ်လို့ ဆိုပါတယ်။ အိမ်တိုင်းလိုလို ခွေးကိုမွေးကြ ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့အညီ စနစ်တကျမွေးမြူသူ နည်းပါးပါတယ်။ ခွေးကလေး အရောဝင် ပါးလျက် နား လျက်ဆိုတာလို ခွေးချစ်သူတချို့က ခွေးမှကူး စက်မယ့် ရောဂါအန္တရာယ်ကိုမမြင်ဘဲ ခွေးနဲ့ ပူးပူးကပ်ကပ်နေလေ့ရှိပါတယ်။ လက်ပံဖူးချိန် ခွေးရူးချိန်ဆိုပေမယ့် ခွေးဟာ အချိန်အခါမရွေး ရူးတတ်တဲ့အတွက် ခွေးကိုက် မခံရဖို့ လိုပါလိမ့် မယ်။ ခွေးရူးနာစွဲကပ်တဲ့ခွေးက ကိုက်လို့ဖြစ် စေ၊ ပွန်းပဲ့နေတဲ့လူရဲ့အရေပြားက ခွေးသွားရည် ကိုယ်တွင်းဝင်သွားလို့ဖြစ်စေ ခွေးရူးနာ ရောဂါ စွဲကပ်နိုင်ပါတယ်။


ခွေးကိုညစာ ကြောင်ကိုမိုးသောက်- ဆိုတဲ့စကားအရ ကြောင်ကို ညမှာကြွက်ခုတ်စေဖို့ နေ့ခင်းစာသာ ကျွေးပြီး ခွေးကိုလည်းအစာမင်ပြီး အိမ်ကပ်စေဖို့အတွက် ညစာသာကျွေးရပါတယ်။ ခွေးငြိမ်ရင်ကြည့်သွား၊ လေ ငြိမ်ရင် သတိထားလို့ဆိုစကားရှိတာမို့ နားရွက်ထောင် နားစွင့်ပြီးငြိမ်နေတဲ့ခွေးဟာ လျှပ်တစ်ပြက်ထကိုက်တတ်ပါတယ်။ ဝိုင်းခြံထဲကထွက်ကိုက်လို့ ဖြစ်စေ၊ သွားလာရင်းဘွားခနဲရင်ဆိုင်တွေ့လို့ ကိုက်တာပဲဖြစ်စေ ခွေး လိုက်ကိုက်ရင် အားကိုးရှာပြီးပြေးတာဟာ ခွေးအတွက် ကိုက်အားသန်အောင်ဆွပေးသလို ဖြစ်စေပါတယ်။ ခွေး နှာရောင်၊ ကြောင်နဖူး၊ လူဒူးတဲ့ ပြေးလာတဲ့ ခွေးကို စီးထားတဲ့ဖိနပ်နဲ့ နှာရောင်ဖြတ်ပြီးရိုက်ချလိုက်ရပါ တယ်။ စည်းကမ်းမဲ့ကိုက်တဲ့ခွေးကြောင့် ခွေးရှင်က သူမွေးထားတဲ့ခွေး မဟုတ်လေသယောင် ခပ်တည်တည်ငြင်းကြတာရှိပေမယ့် အချို့ခွေးရှင်က ဆေးဝါးကုသပေးတာ၊ ကျေနပ်အောင် တောင်းပန်တိုးလျှိုးတာ ရှိပါတယ်။ ဆေးခန်း အလွယ်တကူမရှိတဲ့နေရာမှာဆိုရင် ခွေးကိုက် ခံရသူဒဏ်ရာအပေါ် ခွေးရှင်က ဆန်စေ့အနည်းငယ်ကို ဝါးပြီးအုံပေးတဲ့ ရှေးဟောင်းနည်းကလည်း အနာကျက်မြန်စေပါတယ်။ လူတို့အပါအဝင် သက်ရှိသတ္တဝါ အားလုံးတို့ဟာ မိမိအသက်ထက် အခြားဘယ်အရာကိုမျှပိုပြီး ချစ်ကြလိမ့်မယ် မထင်ပါဘူး။ နေရာတိုင်းက ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေကို ဆိုင်ရာက အစတုံး သုတ်သင်ပစ်ဖို့ လိုတယ်လို့မပြောရက် သလို ပါဏာတိပါတာကံကျူးလွန်ရမှာကိုလည်း လူတိုင်း ဝန်လေးပါလိမ့်မယ်။ ဒါကြောင့် ခွေး ဂေဟာတွေထားရှိပြီး လေလွင့်နေတဲ့ခွေးတွေကို ခေတ်မီနည်းနဲ့ဖမ်းဆီးပြီး ပို့ဆောင်ထိန်းသိမ်း ထားဖို့လိုအပ်မှာ ဖြစ်ပါ တယ်။


ဂေဟာထဲရောက်လာတဲ့ ခွေးတွေကို ဝ၀လင်လင်ကျွေးမွေးတာ၊ ဆေးဝါးစစ်ဆေးကုသ ပေးတာ၊ မျိုးဆက်ပြန့်ပွားရေး ထိန်းချုပ်ပေးတာ စတာစတာတွေ လုပ်ပေးရပါလိမ့်မယ်။ ဒါမှလည်း သူတို့ဘဝလေးတွေ ချမ်းမြေ့စွာ နဲ့သက် တမ်းစေ့နေနိုင်မှာဖြစ်ပြီး ဆောင်ရွက်သူတို့ အဖို့လည်း ကုသိုလ်တိုးပွားစေမှာဖြစ်ပါတယ်။ ခွေးဘဝခွေးချင်းအတူတူ ဖြစ်ပေမယ့် နေထိုင်ကျက်စား မတူကွဲပြားခြားနားသွားလို့ လူတို့ရဲ့ သိသိသာသာ ခွဲခြားဆက် ဆံတာကို သူတို့လှိမ့်ပိန့်ခံနေရပါတယ်။ ပိုင်ရှင်မဲ့ခွေးလေ ခွေးလွင့်တွေဆို လူကဦးရင်ဦးသလို တုတ်နဲ့ရိုက်၊ ခဲနဲ့ပေါက်၊ ဘယ်နေရာမှန်မှန် နေရာမရွေးဘဲ လေးခွနဲ့ ပစ်လွှတ်သလို ရေနွေးပူပူနဲ့ပင် ပက်လွှတ်ကြပါသေး တယ်။ တချို့လူခဏခဏကိုက်ပြီး မုန်းတီးခံနေရတဲ့ခွေးကို မရူးဘဲ ခွေးရူး ဖြစ်သယောင်လှုံ့ဆော်သမုတ်ကာ ဝိုင်းဝန်းလိုက်လံသတ်ပစ်ကြတာမျိုးလည်းရှိပါတယ်။ ကံကောင်းတဲ့ခွေးတွေကျတော့ အစား ကောင်းကောင်း စားကာ ခွေးအိမ်နဲ့ကျကျနန နေရပြီး ခွေးရှင်က ကျန်းမာရေးအတွက် ဂရုစိုက်ပေးတာ၊ ရေချိုးသန့်စင်ပေးတာအပြင် ပွတ်သပ်နမ်းရှုပ်ပေးတာအထိရှိပါတယ်။ ခွေးချစ် သူတွေအနေနဲ့ သားသမီးသဖွယ် အချစ်ခံရတဲ့ သူတို့ခွေးတွေကို ဘယ်နေရာသွားသွား အတူပါ သွားလေ့ရှိပြီး ကားနဲ့သွားတာပင် ခေါ်သွား ကြပါသေးတယ်။


ဒီလို မတူညီတဲ့သူတို့ရဲ့ ဘဝလေးတွေကို ဖားတော့သေသေြေ>ွမတော့ရှင်ရှင် ဆိုတာမျိုး သဘောမထားသင့်ဘဲ စနစ်တကျပြုစုပျိုး ထောင်ပေးဖို့လိုပါလိမ့်မယ်။ စောစောကပြောခဲ့သလို ပိုင်ရှင်ရှိတဲ့ခွေးတွေကို ပိုင်ရှင်ကစည်းကမ်းချက်နဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုပြီး ပိုင်ရှင်မဲ့နေတဲ့ခွေးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ရပ်ကွက်နဲ့ပူးပေါင်းကာ ခွေး ဂေဟာရှိရာဆီကို ပို့ဆောင်ပေးရမှာပါ။ ကားကြိုကားကြား၊ တိုက်ကြိုတိုက်ကြားနဲ့ အမှိုက်ပုံ တွေနားခိုကပ်လေလွင့် သောင်းကျန်းနေတဲ့ ခွေးတွေကိုတစ်နှစ်တစ်ကြိမ် ပုံမှန်ဖြေရှင်းသွားရင် ဒီပြဿနာချုပ်ငြိမ်းသွားမှာဖြစ်ပါတယ်။ ရေစီးရေလာဖင့်နွှဲနှေးကွေး တာ၊ မြစ်ရေ ချောင်းရေ လျှံတက်တာဟာ အဝင်များပြီး ထွက် ပေါက်သေးလို့ဖြစ်နိုင်သလို ရေစီးလမ်းကြောင်း မချောမွေ့လို့လည်းဖြစ်ပါလိမ့်မယ်။ မြို့ပေါ်ကားပင်လယ်ဖြစ်၊ လူလှိုင်းတံပိုးထပြီး ခွေးလေ ခွေးလွင့်တွေ မုန်တိုင်းကျသလိုဖြစ်နေ တာဟာလည်း ကောင်းမွန်တဲ့စနစ် မရှိသေးလို့ဖြစ်မှာပါပဲ။ ဒီပြဿနာတွေကို တာဝန်ရှိသူတွေအပေါ်မှာချည်း တစ်ဖက်သတ် ပြစ်တင်ပုံချနေရုံနဲ့၊ သူ့လက်ညှိုးထိုး ကိုယ့်လက်ညှိုးထိုးလုပ်နေရုံနဲ့ ပြီးစီးသွားမှာ မဟုတ်ပါဘူး။


ဘယ်အရာတွေပဲဖြစ်ဖြစ် မကောင်းလုပ်သူတွေကြောင့် ပျက်စီးမသွားနိုင်ပေမယ့် မ ကောင်းလုပ်တာကိုမြင်ပါလျက်နဲ့ မသိကျိုးကျွံ ပြုနေသူတွေကြောင့်သာ ပျက်စီးသွားနိုင်ပါတယ်။ လူတိုင်း မျက်လုံးပါတာချင်းတူပေ မယ့် မြင်တာချင်းတော့တူကြမယ်မထင်ပါဘူး။ ရှု ထောင့်မှန်မှ သဏ္ဌာန်အစစ်ကိုမြင်မှာ ဖြစ်လို့ အကောင်းမြင်ရှုထောင့်ကနေကြည့်ပြီး ပရဟိတ စိတ်ကိုမွေး နှလုံးသွင်းကောင်းထားပေးကြဖို့ လွန်စွာအရေးကြီးပါတယ်။ တန်ဖိုးမသိတဲ့လူတစ်ယောက်ဟာ တန်ဖိုးမရှိတာနဲ့ပဲထိုက်တန်တတ်ပါတယ်။ တန်ဖိုးသိဖို့ဆိုရင် စေတနာအရင်းခံထားပြီး ကိုယ်တိုင် ကိုယ်ကျ ပါဝင်ဆောင်ရွက်ပြရပါလိမ့်မယ်။ နှစ်သစ်ကာလအခါသမယမှာ လူသစ်၊ စိတ်သစ်၊ အတွေးသစ်တွေနဲ့ တန်ဖိုးရှိအောင်လုပ်ပြဖို့လို နေကြောင်းပါဗျာ ...။

အာကာသ(သာစည်)

#The Yangon Times

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS