HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

စစ်နဲ့ ငြိမ်းချမ်းရေးကြားက အကာအကွယ်မဲ့ လူတန်းစား

စစ်နဲ့ ငြိမ်းချမ်းရေးကြားက အကာအကွယ်မဲ့ လူတန်းစား

အိုက်စိုင်း

နှစ်ပေါင်း ၇ဝ ကျော် ဖြစ်ပွားလာခဲ့သော မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင် ပဋိပက္ခသည် ယနေ့ထိတိုင် ရှင်သန်ကြီးထွားနေဆဲမှာပဲ လက်နက်ကိုင်ပဋိပက္ခအတွင်း နေထိုင် နေကြရသော ပြည်သူလူထုသည် အကာအကွယ်မဲ့လူတန်းစားတစ်ရပ်အဖြစ် တည်ရှိလာ ခဲ့ကြရသည်။ အဘယ်ကြောင့်ဆိုသော် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသောဒေသများတွင် နေထိုင်ကြသည့် ပြည်သူလူထုသည် ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ အဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ လိင်အကြမ်းဖက်ခံရခြင်း၊ ပညာသင်ကြားခွင့်များ ဆုံးရှုံးလာခြင်း၊ အဓမ္မ ငွေတောင်းခြင်း(ဆက်ကြေး-အခွန်) စသည့် အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့ရသည့်တိုင် ဥပဒေ၏အကာအကွယ်ပေးမှုကို မရရှိခဲ့ကြပေ။

ထို့ကြောင့် အစိုးရ-တပ်မတော်-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အပစ်အခတ်ရပ်စဲရေးစာချုပ်တစ်ရပ်ကို ပုံဖော်၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုမှုများဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(NCA)ကို အကောင်အထည်ဖော်လာခဲ့သည်မှာ သုံးနှစ် ကျော်ခဲ့ပြီးဖြစ်သည်။ သို့သော် စာချုပ်တွင် တိုင်းရင်းသားလက် နက်ကိုင် ၁ဝ ဖွဲ့သာ လက်မှတ်ထိုးနိုင်ပြီး တခြား သောအဖွဲ့များက မထိုးနိုင်သေးဘဲဖြစ်နေသည်။


လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်ဖွဲ့(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLAPC )၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမို ကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ဖြစ်ကြသည်။


'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(NDAA-မိုင်းလားအဖွဲ့)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၊ ပလောင် (တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (TNLA/PSLF)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(MNDAA-ကိုးကန့်)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် (NSCN-K) စသည့်အဖွဲ့များကမူ NCA မထိုးနိုင်သေးဘဲ ညှိနှိုင်းနေရဆဲအဖွဲ့များဖြစ်သည်။


ဤကဲ့သို့ လက်မှတ်ထိုးအဖွဲ့နှင့် မထိုးရ သေးသည့်အဖွဲ့များဖြစ်နေသည့်အခြေအနေမှာပဲ တစ်ဖက်မှာလည်း ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကြရခြင်းကြောင့် အပစ်မရပ်သေး သော အပစ်ရပ်စာချုပ်ဟု ပြောဆိုသံများပင် ထွက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် NCA စာချုပ်နှင့် ပမာဏ အပစ်ရပ်စဲရေးစာချုပ်များကို တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အများစုက လက်ခံထားကြသော်လည်း လက်နက်ကိုင် ဆောင်ထားကြသူများသည် စာချုပ်ပါအချက် အလက်များကို လေးစားလိုက်နာမှု အားနည်း နေခြင်းကြောင့်ဖြစ်သည်။


ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) သည် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် အခြေခံစာချုပ်ဖြစ်ပြီး ပိုမိုခိုင်မာသော အပစ်ရပ်စဲရေးကို တည်ဆောက်နိုင်ရန်နှင့် လက်နက်ကိုင်တိုက်ပွဲဝင်နေသူများ တောင်း ဆိုနေသော နိုင်ငံရေးသဘောတူညီချက်များ ပေးအပ်နိုင်ရေးအတွက် NCA စာချုပ်ကို အကောင်အထည်ဖော်ခဲ့ကြသည်။ NCA  စာချုပ်တွင် အခန်းခုနစ်ခန်းနှင့် အပိုဒ်ပေါင်း ၃၃ ပိုဒ် ပါဝင်ရာ လက်နက်ကိုင် ဆောင်ထားကြသူများ အဓိကမလေးစား မလိုက်နာနိုင်ဘဲဖြစ်နေသည့်အချက်များမှာ အခန်း (၃)ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခန်း(၄)ရှိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ခြင်း၊ အခန်း(၆) ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ စသည့်အခန်းများပါ အချက်အလက်များဖြစ်သည်။


အဆိုးဆုံးမှာ လက်နက်ကိုင်တိုက်ပွဲများတွင် ဝင်ရောက်ပတ်သက်မှုမရှိသော ပြည်သူလူထုအား မသင်္ကာဖြစ်ပါက တရားဥပဒေမဲ့ ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်း၊ အလိုမတူဘဲ စစ်သားစုဆောင်းခြင်း၊ အတင်းအဓမ္မပိုက်ဆံကောက်ခံခြင်း(ဆက်ကြေး-အခွန်)၊ တိုက်ပွဲအတွင်း ပိတ်မိနေသူများကို ပစ်ခတ်သတ် ဖြတ်ခြင်း စသည့်အခြေအနေများကို ကျူးလွန် နေခြင်းပင်ဖြစ်သည်။ ထိုအခြေအနေများကြောင့် ပြည်သူလူထုအတွက်ဆိုကာ လက်နက်ကိုင်တိုက်ခိုက်နေ ကြသူများအနေဖြင့် ပြည်သူလူထု၏ အေးချမ်းတည်ငြိမ်မှုကို ပျက်ပြားစေရသနည်းဟု မေးခွန်းထုတ်စရာများဖြစ်လာသကဲ့သို့ လက်နက်ကိုင် ဆောင်ထားကြသူများ၏ ပြည်သူလူထုအတွက်ဆိုသော ကြွေးကြော်နေမှုများကလည်း ယုံကြည်မှုကင်းမဲ့စရာဖြစ်လာခဲ့လေသည်။


သို့သော် လက်နက်ကိုင်ဆောင်ထားကြပြီး တိုက်ပွဲများကို ဖန်တီးနေကြသူများသည် မည်သည့်အခါမှ ပြည်သူလူထုကို တရားဥပဒေမဲ့ သတ်ဖြတ်မှုမပြုလုပ်ကြောင်းပြော၍ ငြင်းဆို လေ့ရှိကြသလို အပြစ်မဲ့သော ပြည်သူလူထုကိုပင် အမျိုးမျိုးသောအမှတ်တံဆိပ်များကပ်ကာ အပြစ်ဖို့၍ ပြောဆိုမှုများပင် ပြုလုပ်လေ့ရှိကြသည်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International-AI) ကဆိုလျှင် ၂ဝ၁၉ ခုနှစ်၊ မေ ၂၉ ရက်က ''ဘယ်သူမှ ကျွန် တော်တို့ကို မကာကွယ်ပေးနိုင်ဘူး''ဟု တိုက်ရိုက်အဓိပ္ပာယ်သက်ရောက်သော အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် AA အဖွဲ့တို့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေသောတိုက်ပွဲများတွင် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကြောင့် ICC  တင်ရန်ပင် တိုက်တွန်းထားသည်။


မြန်မာ့တပ်မတော်နှင့် AA ဘက်က တာဝန်ရှိသူများက မိမိတို့အနေဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်မှုများမရှိကြောင်း၊ လူထုကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုများ မလုပ်ကြောင်း အသီးသီးထုတ်ဖော်ပြောဆို၍  AI  စွပ်စွဲချက်များကို ငြင်းဆိုခဲ့ကြသည်။  မြန်မာ့တပ်မတော်နှင့် AA အဖွဲ့တို့သည် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလမှစတင်၍ ချင်းပြည်နယ်၊ ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များမှာ တိုက်ပွဲများဖြစ်ပွားနေသည်မှာ ယခုနှစ် မေလအထိဆိုလျှင် ခြောက်လကျော်ကြာခဲ့ပြီး ဖြစ်သည်။ ထိုတိုက်ပွဲများကြောင့် တိုက်ပွဲရှောင် ဒုက္ခသည် ၄ဝဝဝဝ ဝန်းကျင်ရှိလာခဲ့ပြီး မြို့နယ် ခုနစ်မြို့နယ်က တိုက်ပွဲရှောင်စခန်း ၁ဝဝ ကျော်မှာ ခိုလှုံနေကြရသည်။ အလားတူ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်မှာ စုစုပေါင်း တိုက်ပွဲရှောင် ဒုက္ခသည် ၁၂ဝဝဝဝ ကျော်ရှိသည်။


မြန်မာ့တပ်မတော်သည် AA နှင့် တိုက်ပွဲများအတွင်းတွင် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ပြီး အရပ်သားများအား သတ်ဖြတ်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်းနှင့် အတင်းအကျပ်ဖမ်း ဆီးခြင်း၊ လက်စဖျောက်မှုများပြုလုပ်နေကြောင်း၊ AA ကဆိုလျှင် ကျည်ဆန်တစ်တောင့်နှင့် စာအိတ်ကို ပေးပို့ကာ အမျိုးသားသစ္စာဖောက် တံဆိပ်ကပ်၍ လက်စဖျောက်မှုများ ပြုလုပ်နေ ကြောင်း၊ ဥပဒေမဲ့ဖမ်းဆီးခြင်းနှင့် အတင်းအကျပ်ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း AI အဖွဲ့က သူ၏ ''ဘယ်သူမှ ကျွန်တော်တို့ကို အကာအကွယ်မပေးနိုင်ဘူး''ဆိုသော အစီရင်ခံစာမှာ ဖော်ပြထားသည်။  မြန်မာ့တပ်မတော်သည် ယခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ AA နှင့် ဆက်နွှယ်မှု ရှိ၊ မရှိ သံသယရှိသူ ၂ဝဝ ကျော်ကို ဖမ်းဆီး၍ စစ်ဆေးမှုများပြုလုပ်ခဲ့ရာတချို့မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးမှုများလည်းရှိခဲ့သည်။


အလားတူ AA အဖွဲ့မှာ လက်ရှိအချိန်အထိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကင်းတလင်းကျေးရွာမှ ခူးမီးချင်းလူမျိုး ၅၂ ဦးကို ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်သို့ ဖမ်းဆီးသွားရာ ယနေ့ချိန်အထိ ပြန်လွှတ်မပေးသေးကြောင်း ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ KACC က ဆိုသည်။ ခူးမီးချင်းလူမျိုးများသည် AA အဖွဲ့ကို ထောက်ခံသူများ မဟုတ်ပေ။ ထို့ကြောင့် ဖမ်းဆီးခံထားရသူများကို AA အဖွဲ့က တစ်စုံတစ်ရာ လုပ်လိုက်မည်ကို စိုးရိမ်နေကြပြီး ပြန်လွှတ် ပေးရန် တောင်းဆိုနေကြသည်။


ထို့နောက် AA အဖွဲ့သည် အုပ်ချုပ်ရေး ယန္တရားများကို အနှောင့်အယှက်ပြုသကဲ့သို့ အစိုးရဝန်ထမ်းများဖြစ်သော ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းမှူးတို့ကို ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးမှု များပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးခဲ့မှုများ ပြုလုပ်ခဲ့သလို အိန္ဒိယ-မြန်မာ ပူးပေါင်း၍ အကောင်အထည်ဖော်နေသော ကုလားတန်မြစ်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းကို ဆောင်ရွက်နေသော လမ်း ဖောက်လုပ်နေသည့် ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်းရှစ်ဦးကို ဖမ်းဆီးထားရာမှာလည်း ယနေ့တိုင် ပြန်လွှတ်မပေးသေးပေ။ တစ်ဖက် ရှမ်းပြည်နယ်အတွင်းက လက် နက်ကိုင်တိုက်ပွဲများကို ပြန်လည်ကြည့်ပါကလည်း အလားတူ ဖမ်းဆီးမှုများနှင့် သတ်ဖြတ်မှုများပြုလုပ်လေ့ရှိကြောင်း တွေ့ရပါသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် ၁၂ မိုင်အကွာရှိ မန်ပြိန်းကျေးရွာ(အထက်ရွာ) တွင် NCA ထိုးထားသော RCSS နှင့် NCA မထိုးရသေးသော SSPP-TNLA  ပူးပေါင်း တပ်ဖွဲ့တို့ ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားကြရာ တောင်ယာစိုက်ခင်း သို့သွားပြီးပြန်လာသော အသက် ၆ဝ အရွယ် အမျိုးသမီးကြီးကို သေနတ်ဖြင့်ပစ်ခဲ့ကြသည်။ ထိုသို့သေနတ်ဖြင့် ပစ်ခတ်ခြင်းခံလိုက်ရသော အသက် ၆ဝ အရွယ်အမျိုးသမီးကြီး ဖြစ်သူ ဒေါ်မာလွတ်သည် နေရာမှာတင် လဲကျသွားပြီး အသက်ရှူသံများ ရပ်တန့် (သေဆုံး သွားခြင်း)သွားသည့်တိုင် မည်သည့်လက်နက် ကိုင်အဖွဲ့က ပစ်လိုက်ကြောင်း ယနေ့ထိတိုင် မသိရပေ။


ဒေါ်မာလွတ်သည် အပစ်မခံရချိန် လက်နက်ကိုင်အဖွဲ့ဖြင့် ထိပ်တိုက်တွေ့သောအခါတွင် ''ငါတို့ကို မပစ်ပါနဲ့၊ မပစ်ပါနဲ့။ ငါတို့က ပြည်သူလူထုတွေပဲ၊ တောင်ယာက ပြန်လာတာ''ဟု သူက ရှမ်းဘာသာစကားပြော အော် ပြောခဲ့သော်လည်း သူ၏အသံသည် သေနတ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ တိတ်ဆိတ်ကာလဲကျသွားခဲ့ကြောင်း သိရသည်။

အိုက်စိုင်း

#theyangontimes

Rate this item
(0 votes)
back to top