HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

သံဃနာယက အဖွဲ့၏ သြဝါဒကို မခံယူပါက သံဃာ့ဆိုင်ရာဥပဒေဖြင့် ဦးဝီရသူကို တရားစွဲဆိုမည်

သံဃနာယက အဖွဲ့၏ သြဝါဒကို မခံယူပါက သံဃာ့ဆိုင်ရာဥပဒေဖြင့် ဦးဝီရသူကို တရားစွဲဆိုမည်

ရန်ကုန်

ဦးဝိစိတ္တာဘိဝံသ (ခ) ဦးဝီရသူ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သံဃမဟာနာယက အဖွဲ့က ခေါ်ယူ၍ ဆုံးမသြဝါဒပေးခြင်းကို လိုက်နာခြင်းမရှိပါက သံဃာ့ဆိုင်ရာအဖွဲ့အစည်း ဥပဒေဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။ တရားစွဲဆိုရာတွင် သံဃာ့ဆိုင်ရာအဖွဲ့အစည်း ဥပဒေအမှတ်(၂ဝ/၉ဝ)ဖြင့် တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး သံဃမဟာနာယကအဖွဲ့အနေဖြင့် ဦးဝိစိတ္တာဘိဝံသ (ခ)ဦးဝီရသူကို ခေါ်ယူဆုံးမသြဝါဒပေးမည့်ရက်ကိုလည်း အကြောင်းညီညွတ်သည့်အချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ဦးဝီရသူအား ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုထား ခြင်းနှင့် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့က သြဝါဒပေးရန်ပင့်ထားသည့် ကိစ္စတို့သည် သီးခြားစီ ဆောင်ရွက်ရမည့်ကိစ္စများ ဖြစ်သည့်အတွက် သြဝါဒပေးမည့်ကိစ္စကို အခြေအနေအရ ဆိုင်းငံ့ ထားခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။


ဧပြီ ၂၉ ရက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ဟောပြောပွဲနှင့် မေ ၅ ရက် ရန်ကုန် မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့သည့် အခြေခံဥပဒေပါ ပုဒ်မ ၅၆(စ) ကာကွယ်စောင့်ရှောက် ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲတို့တွင် ဦးဝီရသူ၏ ဟောပြောခဲ့မှုများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-ကနဲ့ ငြိစွန်းသည်ကို စိစစ်တွေ့ရကြောင်းလည်း ပါဝင်သည်။


ရန်ကုန်အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ဦးဝီရသူကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-က အရ အရေးယူပေးရန် မေ ၂၈ ရက် တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုကို တရားရုံးမှ လက်ခံခဲ့ကာ ဖမ်းဝရမ်းထုတ်ပေးပြီး ဇွန် ၄ ရက်ကို ဖမ်းဝရမ်း နောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့သော်လည်း ရဲတပ်ဖွဲ့မှ ဦးဝီရသူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။ ထို့အပြင် မူလဖွင့်လှစ်ထားသည့် ရာဇသတ်ကြီးအမှုအမှတ် ၄၇/၂ဝ၁၉ အား ရာဇဝတ် အထွေထွေအမှု အမှတ် ၃၉/၂ဝ၁၉ အဖြစ် ပြောင်းလဲဖွင့်လှစ်ထားကြောင်းလည်း သိရသည်။

 

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top