HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဘာစီလိုနာကို အနိုင်ယူပြီး ၁၁ နှစ်ကြာ အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့တဲ့ ဗလင်စီယာ

ဘာစီလိုနာကို အနိုင်ယူပြီး ၁၁ နှစ်ကြာ အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့တဲ့ ဗလင်စီယာ

ပြီးခဲ့တဲ့ စနေညက ရင်ဆိုင်ကစားသွားခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ဗလင်စီယာကို ၁-၂ ဂိုးနဲ့အရေးနိမ့်ပြီး ဒီရာသီဖလားနှစ်လုံး ရရှိမယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ၂ဝ၁၈-၁၉ လာလီဂါဆုဖလားကို ရယူထားနိုင်ခဲ့တဲ့ ဘာစီလိုနာဟာ ဗလင်စီယာကို အရေးနိမ့်လိုက်တာဟာ ပြည်တွင်း ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်မယ့်အခွင့်အရေး လက်လွှတ်ခဲ့ရုံတင်မကဘဲ စပိန် ဘောလုံးသမိုင်းမှာ ဘုရင့်ဖလားကို ငါးနှစ်ဆက်တိုက်ရရှိတဲ့ ပထမဆုံးဖြစ်လာမယ့် စံချိန်ကိုပါ လက်လွှတ်ခဲ့ရတာပဲဖြစ်ပါတယ်။

တကယ်တော့ ဘာစီလိုနာအအသင်းဟာ ဒီရာသီမှာ ဆုဖလားသုံးလုံးအထိ ရရှိနိုင်မယ့်အခွင့်အရေးမျိုးရှိခဲ့တာပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လီဗာပူးကိုအရေးနိမ့်ပြီးထွက်ခဲ့ရလို့ ဘာစီလိုနာဟာ ဒီရာသီ ပြည်တွင်းဆုဖလားနှစ်ခုကိုသာ ချိန်ရွယ်နိုင်ခဲ့တာပါ။ ချန်ပီယံလိဂ် ပထမ အကျော့မှာ လီဗာပူးကို သုံးဂိုးပြတ်အနိုင်ယူခဲ့ပေမယ့် အဝေးကွင်းမှာတော့ လေးဂိုး ပြတ်အရေးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရတာပဲဖြစ်ပါတယ်။ လာလီဂါပြိုင်ပွဲမှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းဆိုးရွားမှု၊ အက်သလက်တီကိုရဲ့ အားနည်းတဲ့အနေအထားတွေကို အခွင့် ကောင်းယူနိုင်ခဲ့လို့သာ အမှတ်ပေးဇယားမှာ ၁၁ မှတ်အသာနဲ့ ဗိုလ်စွဲနိုင်ခဲ့တာပဲဖြစ် ပါတယ်။ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာတော့ ဘာစီလိုနာဟာ ဗလင်စီယာကို ခက်ခက်ခဲခဲကိုရင်ဆိုင်ကစားခဲ့ပြီး သူတို့မှာ မက်ဆီကလွဲလို့ အခြားအားကိုးစရာကစားသမား မရှိတာကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရ ပါတယ်။


ဒီရာသီလာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာကို နှစ်ကျော့စလုံး သရေခံကစားနိုင်ခဲ့တဲ့ ဗလင်စီယာဟာ ရိုးရှင်းတဲ့ ၄-၄-၂ ကစား ကွက်အတိုင်းပွဲထွက်ရင်ဆိုင်ခဲ့ပေမယ့် နောက်တန်းနဲ့ ကွင်းလယ်စုဖွဲ့မှုအား ကောင်းခဲ့လို့ မက်ဆီဦးဆောင်တဲ့ ဘာစီလိုနာတိုက်စစ်ဟာ ဂိုးရဖို့ ခက်ခက်ခဲခဲရင် ဆိုင်ခဲ့ရတာကိုတွေ့ရပါတယ်။ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ အာဆင်နယ်ကို နှစ်ကျော့ စလုံး ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ ဗလင်စီယာဟာ စုဖွဲ့မှုအားကောင်းတဲ့အသင်းဖြစ်ပြီး သူတို့ဟာ လာလီဂါအမှတ်ပေးဇယားမှာ အဆင့် ၄ နေရာရရှိခဲ့လို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ထပ်မံရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ ဘာစီလိုနာရဲ့တိုက်စစ်ကို ဂိုးစည်းထိပ်မှာနောက်တန်းနဲ့ ကွင်းလယ်ကစားသမားတွေ နှစ်ထပ်ပိတ်ဆို့ ကာကွယ်ခဲ့ပေမယ့် ဘောလုံးရတဲ့အခါ လျင် မြန်တဲ့တိုက်စစ်ပုံစံပြောင်းလဲနိုင်ခဲ့လို့ ပွဲချိန် ပထမပိုင်းမှာကတည်းက နှစ်ဂိုးပြတ်ဦး ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၂၁ မိနစ်မှာ ဘယ်နောက်ခံလူဂါယာရဲ့ ဖန်တီး ပေးမှုကို တိုက်စစ်မှူးဂါမဲရိုးက ဂိုးစည်းထိပ်ကနေ အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့သလို ပွဲချိန် ၃၃ မိနစ်မှာ ရိုဒရီဂိုက ညာတောင်ပံဘက်က ဆိုလာရဲ့ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။


ဆွာရက်ဇ်မပါဝင်နိုင်တဲ့ ဘာစီလိုနာ တိုက်စစ်ဟာ ကော်တင်ဟို၊ ဆာဂျီယိုရော ဘတ်တို၊ မက်ဆီတို့နဲ့ ပွဲထွက်လာခဲ့ပေမယ့် မက်ဆီရဲ့ အနီးပေး၊ အတိုပေးထိုးဖောက်မှု တွေကို တွဲကစားနိုင်မယ့်သူမရှိခဲ့သလို ကော်တင်ဟိုရဲ့ အဝေးကန်ချက်တွေကလည်း မထိ ရောက်ခဲ့ပါဘူး။ ၇၂ မိနစ်မှာ လင်ဂလက်ရဲ့ ခေါင်းတိုက်ဘောပြန်ထွက်လာတာကို မက်ဆီ အသာအယာပိတ်သွင်းယူနိုင်ခဲ့လို့ သာ ချေပဂိုးတစ်ဂိုးပြန်ရခဲ့တာပါ။


ပွဲပြီးခါနီးမှာ တစ်ဖက်သတ်ဖိကစား နေတဲ့ ဘာစီလိုနာကို တန်ပြန်တိုက်စစ်က နေ ဗလင်စီယာ ဂိုးထပ်သွင်းနိုင်မယ့်အခွင့် အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုတွေကြောင့် ၁-၂ နဲ့ပဲ ဗလင်စီယာအနိုင်ရခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကို အနိုင်ယူပြီး စပိန်ဘုရင့်ဖလားဗိုလ်စွဲခဲ့တဲ့ ဗလင်စီယာအတွက်ကတော့ အဲဒီဆုဖလားဟာ ၁၁ နှစ်အတွင်း ပထမဆုံးရရှိတဲ့ ဆုဖလားဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်ကစပိန်ဘုရင့်ဖလားကို နောက်ဆုံးရရှိခဲ့တဲ့ ဗလင်စီယာဟာ ဒီရာသီမှာဘာစီလိုနာကို တစ်ကြိမ်မှ မရှုံးဘဲအခုလို ဆုဖလားတစ် လုံးရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရ ယူနိုင်ခဲ့တာကြောင့်လည်း သူတို့အတွက် အချိုမြိန်ဆုံး အောင်မြင်မှုတစ်ခုဖြစ်စေမှာ အသေအချာပဲဖြစ်ပါတယ်။

#democracytoday

Rate this item
(0 votes)
back to top